တရားရင်ဆိုင်နေရသည့် ကျောင်းသားနှစ်ဦး၏ အမှု ရုံးပေါင်း စစ်ဆေးမည်


အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက် ဆန္ဒပြခဲ့ပြီးနောက် သာယာဝတီ အကျဉ်းထောင်မှ အမှုရင်ဆိုင် နေရသည့် ကျောင်းသားနှစ်ဦး၏ အမှုအား ရန်ကုန်ရှိ မြို့နယ်အချို့က ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် တရားစွဲဆို နေသည့်အတွက် ရုံးပေါင်း စစ်ဆေးရန် စီစဉ်နေကြောင်း တရားစွဲခံရသူများနှင့် ၎င်းတို့၏ ရှေ့နေထံမှ သိရှိရသည်။

စွပ်စွဲခံရသူနှစ်ဦးအား ဖေဖော်ဝါရီ ၂ ရက်တွင် သာယာဝတီမြို့နယ် တရားတွင် ရုံးထုတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်တွင် ဗိုလ်တထောင်မြို့နယ်နှင့် တာမွေမြို့နယ် တရားရုံးနှင့် ဖေဖော်ဝါရီလ ၄ ရက် ( ယနေ့ ) တွင် ကမာရွတ်မြို့နယ်တို့၌ ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်ရမည် ဖြစ်သည်။

“ဒီနေ့ကတော့ ဗိုလ်တထောင် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ ရုံးတင်တာပါ။ ဘယ်တုန်းက အမှုတွေကို တရားစွဲမှန်းတောင် မသိဘူး။ စွပ်စွဲခံတဲ့သူတွေလည်း မသိဘူး။ ကိုနန္ဒာစစ်အောင်နဲ့ မဖြိုးဖြိုးအောင်တို့လည်း ကျန်းမာရေး သိပ်မကောင်းဘူး။ ရန်ကုန်မှာလည်း ဗိုလ်တထောင်၊ တာမွေ၊ ကမာရွတ်မြို့နယ် တွေမှာလည်း အမှုတွေက ထပ်လာပြီ။ တစ်ရုံးတည်း ပေါင်းစစ်ဖို့ ကျင့်ထုံးဥပဒေနဲ့ အညီ တင်ဖို့စီစဉ်နေပါတယ်။ ရုံးတင်တာ စောင့်တာပါ။ ကျောင်းသားတွေညှိပြီး တစ်ရုံးတည်း ပေါင်းစစ်ဖို့ လျှောက်မှာပါ” ဟု ကျောင်းသားများ၏ ရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးဌေးက ပြောသည်။

ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်တို့ အပါအ၀င် ကျောင်းသားနှင့် ၀န်းရံသူ ၇၀ ဦးခန့်မှာ ပြီးခဲ့သည့်နှစ် မတ်လ ၁၀ ရက်နေ့က လက်ပံတန်းတွင် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (ခ)၊ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ တို့ဖြင့် တရားရင်ဆိုင် နေရကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ၎င်းတို့နှစ်ဦးမှာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသည်။

“သာယာဝတီကနေ ရန်ကုန်ကို ရက်ဆက် လာနေရတော့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်မှု တွေရှိတယ်” ဟု သာယာဝတီ အကျဉ်းထောင်မှ ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်သို့ လာရောက်သူ ကိုနန္ဒာစစ်အောင်က ပြောသည်။

ကိုနန္ဒာစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့ နှစ်ဦးအား ဖေဖော်ဝါရီ ၄ ရက် ( ယနေ့ ) တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ပြုလုပ်သည့် မန္တလေးမှ ရန်ကုန်သို့ အမျိုးသားပညာရေး ဆန္ဒထုတ်ဖော်သည့် ကျောင်းသားများအား ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ကမာရွတ်မြို့နယ်အတွင်း ပြုလုပ်ခဲ့သည်ဟု ဆိုကာ ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
တရားရင်ဆိုင်နေရသည့် ကျောင်းသားနှစ်ဦး၏ အမှု ရုံးပေါင်း စစ်ဆေးမည်  တရားရင်ဆိုင်နေရသည့် ကျောင်းသားနှစ်ဦး၏ အမှု ရုံးပေါင်း စစ်ဆေးမည် Reviewed by THITHTOOLWIN on 12:59 Rating: 5
Powered by Blogger.