ဥပဒေရေးရာ ကော်မရှင်နဲ့ လွှတ်တော်ဆိုင်ရာအဖွဲ့များ အသစ်ဖွဲ့စည်း

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရ ဦးရွှေမန်း ကို တွေ့ရစဉ်။ Photo: RFA
ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် မှာ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်းကို ဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးပြီး အဖွဲ့ဝင် ၃၅ ဦးနဲ့ ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

တည်ဆဲဥပဒေတွေကို လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော် အသီးသီးထံ အကြံပြုတင်ပြဖို့ တာဝန်ရှိတယ်လို့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဒုတိယဥက္ကဌ ၁ အဖြစ် တာဝန်ပေးအပ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် က ပြောပါတယ်။

"တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဌာန်းနိုင်ရေးတို့ ကို ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် အမျိုးလွှတ်တော် ဥက္ကဌတို့မှတဆင့် သက်ဆိုင်ရာလွှတ်တော်သို့ အကြံပြုတင်ပြရမှာဖြစ်ပါတယ် ဒါ့အပြင် အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ၄င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်ပြီး လေ့လာဆန်းစစ်သုံးသပ်ပြီးတော့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် အမျိုးလွှတ်တော် ဥက္ကဌတို့မှတဆင့် သက်ဆိုင်ရာလွှတ်တော်သို့ အစီရင်ခံတင်ပြရပါတယ်၊ နာယကနှင့် လွှတ်တော် ဥက္ကဌများက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရပါမယ်၊ နာယကနှင့် လွှတ်တော်ဥက္ကဌများက ကဏ္ဍ အလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေ သတ်မှတ် ဆောင်ရွက် ရပါမယ်၊ နာယက၊ လွှတ်တော် ဥက္ကဌများက လုပ်ငန်းလိုအပ်ချက်အရ အကြံဥာဏ်တောင်းခံသည့်အခါ ဥပဒေနဲ့အညီ ဆွေးနွေးညှိနှိုင်းသုံးသပ်ပြီး သင့်တော်သည့်အကြံပေးရမှာဖြစ်ပါတယ်"

ကော်မရှင်ဟာ အထူးကိစ္စရပ်တွေ ပေါ်ပေါက်လာရင် ဥပဒေရေးရာရှုထောင့်ကနေ လေ့လာသုံးသပ်ပြီး လွှတ်တော် ဥက္ကဌတွေထံ တင်ပြဖို့ တာဝန်ရှိတယ်လို့လည်း သိရပါတယ်။

အဲ့ဒီကော်မရှင်ကို ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ပြည်သူ့လွှတ်တော် တစ်ခုတည်းအတွက်သာ ဖွဲ့စည်းခဲ့တာဖြစ် ပြီး ဒီတစ်ကြိမ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်တို့အတွက် အားလုံးသက် ဆိုင်မှုရှိမှာဖြစ်ပါတယ်။

အဲ့ဒီကော်မရှင်မှာ သူရဦးရွှေမန်းအပြင် ဦးဇော်မြင့်ဖေ၊ ဦးမောင်တိုး၊ ဦးကြည်သာ၊ ဦးအေးမောက်၊ ဦးတင်မောင်ဦး စတဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဟောင်း တချို့ပါဝင်ပြီး အငြိမ်းစားအစိုးရ ထိပ်တန်းအရာရှိတွေ ပါဝင်ပါတယ်။

အဲ့ဒီကော်မရှင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အဖွဲ့ဝင် ၂၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းတဲ့အခါ အဲ့ဒီအဖွဲ့ဝင် ၂၃ ဦးအပြင် အန်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနဲ့ အငြိမ်းစားအစိုးရအရာရှိတချို့ ထပ်တိုးလာတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အဲ့ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တဲ့အတွက် ပြည်သူ့လွှတ်တော်မှာ အရင်ဖွဲ့စည်း ထားတဲ့ ကော်မရှင်ကို ဖျက်သိမ်းမလား၊ ဆက်လက်ထားရှိမလားဆိုတာ မသိရသေးဘူးလို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ MPU ကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကြေညာ လိုက်ပါတယ်။

ငြိမ်းချမ်းရေးအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ရာမှာ ကျယ်ပြန်လာဖို့ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းမြှင့်တင့်နိုင်ဖို့အတွက် ဖွဲ့စည်းတာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ MPU ကို ပြည်ထောင်စုအဆင့် လွှတ်တော်များ၊ တိုင်းဒေသကြီး လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်များ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အရည်အသွေးမြင့်မားရေး၊ ပြည်သူကို ကိုယ်စားပြု တဲ့ အဖွဲ့အစည်းအဖြစ် ခိုင်မာလာစေရေး၊ ငြိမ်းချမ်းရေးအပါအဝင် လွှတ်တော်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကျယ်ပြန့်လာစေရေး၊ နိုင်ငံတကာလွှတ်တော်များ၊ အဖွဲ့အစည်းများနဲ့ ဆက်ဆံသော အတွေ့ အကြုံကောင်းများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ တိုးတက်လာစေရေး၊ မြန်မာနိုင်ငံ ရဲ့ ဖြစ်ပေါ်တိုးတက်မှုကို ကမ္ဘာက သိရှိစေရန် ဆောင်ရွက်ရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေးနဲ့ ပိုမိုတိုးတက်လာစေရေး"

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်းမှာ ဖွဲ့စည်းခဲ့တဲ့ MPU အဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာ မှာ တိုင်းနဲ့ပြည်နယ်တွေက လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ပြင်ဆင်တဲ့အပိုင်းမှာ သက်ဆိုင်ရာ လွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ဦးအေးသာအောင် က ပြောခဲ့ပါတယ်။

အဲဒီအဖွဲ့မှာ ဒုတိယဥက္ကဌအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူးအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ အဖွဲ့ဝင်တွေအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်နဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုက လွှတ်တော်ဥက္ကဌတွေ ပါဝင်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဥပဒေရေးရာ ကော်မရှင်နဲ့ လွှတ်တော်ဆိုင်ရာအဖွဲ့များ အသစ်ဖွဲ့စည်း  ဥပဒေရေးရာ ကော်မရှင်နဲ့ လွှတ်တော်ဆိုင်ရာအဖွဲ့များ အသစ်ဖွဲ့စည်း Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.