အစိုးရသိက္ခာကျဆင်းစေတဲ့ ရည်ရွယ်ချက်ပါအဆိုတွေကို မရှင်းလင်းဘူးလို့ ဦးရဲထွဋ် ပြော

ရန်ကုန်မြို့ Chatrium Hotel မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မီဒီယာတွေရဲ့ မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ်။ Photo: Kyaw Zaw Win/RFA
အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီကာလအတွင်း လက်ရှိအစိုးရကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ ရည်ရွယ်ချက်မျိုးရှိ တယ်လို့ ယူဆရတဲ့ လွှတ်တော်မှာ တင်သွင်းတဲ့အဆိုတွေကို ပြည်ထောင်စုအစိုးရအဖွဲ့က သွားရောက်ရှင်းပြမှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတဲ့ နိုင်ငံပိုင်မြေ၊ စက်ရုံနဲ့ စီမံကိန်းတွေကို ပုဂ္ဂလိကထံ လွှဲပြောင်းနေတာတွေ နဲ့ပတ်သက်တဲ့ အရေးကြီးအဆိုအပေါ် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနတွေက လွှတ်တော်မှာ တက်ရောက် မရှင်းပြတဲ့အပေါ် မေးမြန်းရာမှာ ၀န်ကြီးဦးရဲထွဋ်က ဖြေကြားတာဖြစ်ပါတယ်။

"လက်ရှိအစိုးရကို သိက္ခာကျစေတဲ့ ရည်ရွယ်ချက်မျိုးလို့ ထင်ရတဲ့ကိစ္စ ဒီလိုဟာမျိုးမှာတော့ လာရောက်ဖြေဆိုဖို့ လုပ်မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခုချင်းအလိုက် အရေးကြီးလို့ရှိရင် အမျိုးသားရေးအတွက် လာရှင်းပြဖို့လို ရင်တော့ ကျနော်တို့ လာရှင်းပြဖို့အသင့်ရှိတယ်၊ သူတို့မေးတဲ့ကိစ္စတွေကို ကျနော်တို့က လွှတ်တော်မှာ သွားမရှင်းပြပေမယ့်လည်း ပြည်သူတွေ သိသင့်တယ်ဆိုရင်တော့ မီဒီယာတွေကနေတဆင့် ရှင်းပြသွားမှာပါ"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအသစ်နဲ့ အစိုးရဟောင်း၊ လွှတ်တော်အသစ်နဲ့ လွှတ်တော်အဟောင်းကြား သာ တာဝန်လွှဲပြောင်းရေးအတွက် ချိတ်ဆက်ဆောင်ရွက်ဖို့ရှိပြီး အစိုးရဟောင်းနဲ့ လွှတ်တော်အသစ်ကြား ဆောင် ရွက်ရမယ့် ကိစ္စမရှိဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လက်ရှိ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အယ်လ်နီညို ရာသီဥတုကိစ္စ အရေးကြီးအဆိုနဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကိစ္စ  အရေးကြီးအဆိုတို့ဟာ အမျိုးသားအကျိုးစီးပွားနဲ့ သက်ဆိုင်တာကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက လွှတ်တော်မှာ သွားရောက်ရှင်းပြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ထုတ် အစိုးရသတင်းစာမှာ မာန်အောင်မြို့နယ် လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရေး၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စက်မှုလက်မှုသိပ္ပံကျောင်းဖွင့်လှစ်ရေး၊ မွန်ပြည်နယ် မုဒုံမြို့နယ်မှာ အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး၊ တနင်္သာရီမြစ်ဝအနီးမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ စွမ်းအင်ဝန်ကြီးဌာနပိုင် စက်သုံးဆီအရောင်းဆိုင် မြေနေရာတွေကို လွှဲပြောင်းရောင်းချရေး စတဲ့ စီမံကိန်း ၆၈ ခုကို အစိုးရသစ်လက်ထက်မှာ စီမံဆောင်ရွက်ဖို့ ဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အစိုးရသိက္ခာကျဆင်းစေတဲ့ ရည်ရွယ်ချက်ပါအဆိုတွေကို မရှင်းလင်းဘူးလို့ ဦးရဲထွဋ် ပြော  အစိုးရသိက္ခာကျဆင်းစေတဲ့ ရည်ရွယ်ချက်ပါအဆိုတွေကို မရှင်းလင်းဘူးလို့ ဦးရဲထွဋ် ပြော Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.