ဆိုင်ကယ်ကျော်တက်သည့် ကိစ္စနှင့် ပတ်သက်၍ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား


ပခုက္ကူ ဖေဖော်ဝါရီ ၁၁

ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်၌ တက္ကသိုလ် ကျောင်းသား သုံးဦးအား လူငယ် ခြောက်ဦးက တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်မှု ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့ ကြောင်း ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၀ ရက်ည ၁၀ နာရီက ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက် အောင်ဆန်းထူးအဆောင်နေ ဟိန်းဇော်မိုး(၁၉)နှစ် ပထမနှစ် (သင်္ချာ (ပခုက္ကူ တက္ကသိုလ်)သည် သူငယ်ချင်း များ ဖြစ်ကြ သည့် ဇော်မင်းအောင်(၁၉နှစ်)တတိယနှစ် (သင်္ချာ)နှင့် ဝေသူကျော် (၁၉)နှစ် ဒုတိယနှစ် (ရူပဗေဒ)တို့နှင့်အတူ ဆိုင်ကယ် တစ်စီးဖြင့် အဆောင်မှ မြို့မလမ်းအတိုင်း အမှတ်(၁၅)ရပ်ကွက် မြို့မ လမ်းရှိ မေဇင်စတိုး ဆိုင်မှ ဈေးဝယ်ပြီး ပြန်ထွက်လာစဉ် ၄င်းတို့အား ဆိုင်ကယ်သုံးစီးဖြင့် လူငယ်ခြောက်ဦးက ဆိုင်ကယ်ကျော်တက်သည့် ကိစ္စနှင့် ပတ်သက်ပြီး မကျေနပ်၍ အသင့်ပါလာသော သစ်သားတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ကြရာ ဟိန်းဇော်မိုးနှင့် ဇော်မင်းအောင်တို့တွင် (မစိုးရိမ်ရ)ဒဏ်ရာများနှင့် ဝေသူကျော်တွင်(စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်သူ လူငယ်ခြောက်ဦးအား စုံစမ်း ဖော်ထုတ်အရေးယူပေးရန် ဟိန်းဇော်မိုးက တရားလိုပြု တိုင်ကြားခဲ့ရာ ပခုက္ကူမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

ကျော်ဇေယျာ

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဆိုင်ကယ်ကျော်တက်သည့် ကိစ္စနှင့် ပတ်သက်၍ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား  ဆိုင်ကယ်ကျော်တက်သည့် ကိစ္စနှင့် ပတ်သက်၍ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 13:35 Rating: 5
Powered by Blogger.