ဘူးသီးတောင်မြို့နယ် ပညာရေးဌာန၌ ဝန်ထမ်းခေါ်ယူရာတွင် လေဘာဖိုးနှင့် လျှောက်လွှာဖိုး ငွေသောင်းချီပေးခဲ့ရ


ဖေဖော်ဝါရီ ၂၉

ဘူးသီးတောင်မြို့နယ် ပညာရေးဌာန၌ ဝန်ထမ်းများခန့်ထားနိုင်ရန် လျှောက်လွှာခေါ်ယူရာတွင် ငွေသောင်းချီပေးဆောင်ရကာ လျှောက်လွှာများကို ထောင်နှင့်ချီပြီး ထုတ်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါဝန်ထမ်းခေါ်ယူရာတွင် ဘူးသီးတောင်မြို့နယ်အတွင်း ဝန်ထမ်း ၇ ဦးသာ ခန့်ထားရန်ဖြစ်သော်လည်း လူထောင်နှင့်ချီ၍ လျှောက်လွှာတင်ခဲ့ကြကာ လျှောက်လွှာထုတ်ယူစဉ်က ငွေမပေးရသော်လည်း လျှောက်လွှာတင်သည့် အချိန်တွင်ငွေ ၂၀၀၀ ကျပ်အား ပေးဆောင်ခဲ့ရပြီး လေဘာလုပ်ရန် အချိန်မရသည့်အတွက် လေဘာလုပ်ပေးမည်ဟုဆိုကာ ငွေ ၁၀၀၀၀ ကျပ်ကိုလည်း ပေးဆောင်ခဲ့ရကြောင်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူများထံမှသိရသည်။

“ ကျမတို့ လျှောက်လွှာတင်တော့ လေဘာက စစ်တွေကိုသွားလုပ်ရမယ်။ အချိန်မမီတော့ဘူး။ ဒီတော့ သူတို့လုပ်ပေးမယ်ဆိုတဲ့အတွက် ငွေ ၁၀၀၀၀ ကိုပေးခဲ့ရတယ်။ နောက် လျှောက်လွှာတင်တော့မှ ၂၀၀၀ ပေးခဲ့ရတယ်။ ကျမတို့က မောင်တောမှာ ဖြေဆိုရတာဖြစ်တယ်။ အားလုံးတော့ ငွေ ၃၀၀၀၀ လောက်ကိုကုန်ကျခဲ့တယ်။ ”ဟု ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာမှ စာရေးဝန်ထမ်းနေရာကို ဝင်ရောက်ဖြေဆိုခဲ့သူတစ်ဦးကပြောသည်။

ယခုကဲ့သို့ ပညာရေးဌာနမှတာဝန်ခံပြီး ငွေတောင်းယူကာ လေဘာပြုလုပ်ပေးမည်ဟုဆိုသည်မှာ ပွင့်လင့်မြင်သာမှုမရှိဘဲ လူထောင်နှင့်ချီလျှောက်ထားကြသည့်အလုပ်အတွက် ခန့်အပ်မည့်သူအရေအတွက်နှင့်နှိုင်းယှဉ်ပါက မလုပ်သင့်သည့်အလုပ်တစ်ခုဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောသည်။

“ ကျနော်တို့ကြားရတာကတော့ လောလောဆယ်မှာ အနီးကပ်ဖြစ်နေတဲ့အတွက်ကြောင့် လေဘာကိုဘယ်သူမှ သွားမလုပ်နိုင်ကြဘူး။ အဲဒါကြောင့် လေဘာလုပ်ပေးမယ်ဆိုပြီး ငွေတစ်သောင်းစီ လက်ခံကြောင်းကြားပါတယ်။ ပြီးတော့ အခုလိုလက်ခံပြီးနောက်ပိုင်း အဲဒီအထဲက ၇၅ ရာခိုင်နှုန်းလောက်ကို ခန့်ပေးမယ်ဆိုရင်တော့ ကောင်းမယ်။ အခုက လူတစ်ထောင်လျှောက်လွှာတင်တဲ့အထဲက လူ ၇ ဦးကိုသာခန့်အပ်မယ်ဆိုတော့ ဒါဟာလျှောက်လွှာကိုလည်း အကန့်အသတ်နဲ့ပဲ ခေါ်သင့်တယ်လို့ထင်တယ်။ ” ဟု ဦးထွန်းအောင်သိန်း ကဆိုသည်။

ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးမှ ငွေမကောက်ခံရန် ညွန်ကြားထားပြီး လေဘာဆိုသည်မှာလည်း မိမိတို့ဌာနနှင့် မသက်ဆိုင်ကြောင်းလည်း ပြည်နယ်ပညာရေးကြားရေးမှူးဦးလှစိန်ထွန်းက ဆိုသည်။
“ လူတစ်ရာလျှောက်ရင် လေဘာတစ်ရာပါရပါမယ်။ ခန့်မဲ့သူက တစ်ယောက်ပဲဖြစ်ဖြစ်ပေါ့။ ကျနော်တို့အနေနဲ့ကတော့ ဒီလိုမလုပ်နဲလို့ပြောပြီးသားဖြစ်တယ်။ ဒီတော့ ဒီကိစ္စကို တကယ်လုပ်တယ် မလုပ်ဘူးဆိုတာကို စုံစမ်းသွားမယ်။ ” ဟု ပြည်နယ်ပညာရေးမှူး ဦးလှစိန်ထွန်းက ပြောကြားသည်။

အဆိုပါစာမေးပွဲကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကဖြေဆိုခဲ့ကြပြီး ခေါ်ယူခဲ့သည့်ဝန်ထမ်းနေရာများမှာ စာရေး၊ ယာဉ်မောင်း ၅ ၊ စာကူးစက်လှည့်အကူ၊ စက်မောင်း ၅ ၊ လုပ်သားသိပ္ပံခန်း၊ ကျောင်းရုံးအကူ၊ သန့်ရှင်းရေး အကူ၊ လုပ်သားဥယျာဉ်နှင့်အထွေထွေလုပ်သားများတို့ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်တွင် လုပ်သားသိပ္ပံခန်းနှင့် လုပ်သားဥယျာဉ်တို့မှာ နေရာလွတ်မရှိကြောင်းလည်း သတင်းရရှိသည်။

Development Media Group
https://www.facebook.com/DevelopmentNJ
ဘူးသီးတောင်မြို့နယ် ပညာရေးဌာန၌ ဝန်ထမ်းခေါ်ယူရာတွင် လေဘာဖိုးနှင့် လျှောက်လွှာဖိုး ငွေသောင်းချီပေးခဲ့ရ  ဘူးသီးတောင်မြို့နယ် ပညာရေးဌာန၌ ဝန်ထမ်းခေါ်ယူရာတွင် လေဘာဖိုးနှင့် လျှောက်လွှာဖိုး ငွေသောင်းချီပေးခဲ့ရ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.