ရန်ကုန်-ဒလ တံတားစီမံကိန်းရှိသော်လည်း ဒလမြေဈေး အရောင်းအဝယ်အေး


ဒလ ဖေဖော်ဝါရီ ၂၈

ရန်ကုန်မြို့နှင့် အနီးဆုံးဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စား လျက်ရှိသည့် လှိုင်မြစ်တစ်ဖက်ကမ်းမှ ဒလမြို့နယ်မှာ လက်ရှိအနေ အထားအရ ရန်ကုန်မြို့သို့ တံတား ထိုးတော့မည်ဖြစ်သော်လည်း အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ လှုပ်ခတ်မှု မရှိဘဲ အရောင်းအဝယ်အေးလျက်ရှိ နေကြောင်း ဒလမြို့ပေါ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အသိုင်းအဝိုင်းမှ သိရသည်။

ဒလမြို့နယ်ရှိ ရာဇသင်္ကြန်လမ်း ပေါ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်နေသော ဦးသန်း ဌေးက ''ဒလမြို့နယ်ကနေ ရန်ကုန်မြို့ ထဲ ဘုန်းကြီးလမ်းကို သုံးမိနစ်အတွင်း တိုက်ရိုက် သွားလာနိုင်တော့မယ့် ကိုရီးယားချစ်ကြည်ရေးတံတားကြီး တည်ဆောက်တော့မှာဖြစ်တဲ့အတွက်ကြောင့် ဒလဘက်ကမ်းဗိုလ်မင်းရောင် လမ်းမကြီးတစ်လျှောက်မှာ စီမံကိန်းနဲ့ ငြိစွန်းနေတဲ့ နေအိမ်တွေကို နိုင်ငံတော်က မြေယာလျော်ကြေး ထောက်ပံ့ကြေးတွေ ပေးခဲ့ပြီးပါပြီ။ ဒါဟာ ဒလမြို့နယ်အတွက် အိပ်မက် တံတားကြီး တကယ်ထိုးဖြစ်တော့မယ့် လက္ခဏာကောင်းပါ။ ဒီအပေါ်မှာ အိမ်ခြံမြေဈေးတွေ တစ်ဟုန် ထိုးတက်လာပြီး ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကလည်း အလု အယက်ဝယ်ကြမယ်လို့ ယူဆခဲ့မိပါ တယ်။ ဒါပေမယ့် အရောင်းအဝယ်က ထင်သလို မဖြစ်ဘဲ အဝယ်အေး နေပါတယ်''ဟု ပြောသည်။

တံတားတည်ဆောက်မည့် စီမံကိန်း နယ်မြေနှင့် အနီးဝန်းကျင်၌ ရှိသော လုပ်ငန်းရှင်များ စိတ်ဝင်စား နေကြသည့် ကျန်စစ်သားရပ်ကွက် အထက်ပိုင်း၌ ခြံအကွက်အသေး (ပေ ၂ဝ x ပေ ၆ဝ)တစ်ကွက်မှာ ယခင် ငွေကျပ် သိန်း ၄၅ဝ ခန့် ရှိခဲ့သော်လည်း ယခုအခါ ဈေးကွက်ခြံပေါက် ဈေးနှုန်းအရ ငွေကျပ်သိန်း ၅ဝဝ ဝန်းကျင်ခန့်သာရှိနေပြီး ဆယ်ဂဏန်း မျှသာတက်လျက်ရှိကြောင်း သိရသည်။

ဈေးကွက်ခြံပေါက်ဈေးနှုန်းအရ ခြံ အကွက်ကြီး (ပေ ၄ဝ x ပေ ၆ဝ)တစ်ကွက်မှာ ယခုအခါ ငွေကျပ်သိန်း တစ်ထောင်ဝန်းကျင်သာရှိပြီး ယခင် ဈေးနှုန်းနှင့် ကွာခြားမှု အနည်းငယ် သာရှိကြောင်း သိရသည်။

ယခုအခါတွင် ဒလမြို့နယ်ပေါ်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ နေ့စဉ် အရောင်းအဝယ်အေးလျက်ရှိနေပြီး ဝယ်သူမရှိဘဲ စုံစမ်းကြသူများသာရှိ ကြောင်း ဒလမြို့နယ်ပေါ်ရှိ အိမ်၊ ခြံ၊ မြေ အသိုင်းအဝိုင်းမှ သိရသည်။

''ဒလမြေဈေး အဝယ်အေးနေ တာကို သိသလောက်ပြောရရင်တော့ တံတားစီမံကိန်းက တကယ်သေချာ ပေမယ့် စီမံကိန်းကာလက ငါးနှစ် ကြာမြင့်မှာဆိုတော့ မြေကွက်၊ ခြံကွက်ဝယ်မယ့် လုပ်ငန်းရှင်တွေက အချိန်အကြာကြီး ရင်းနှီးမြှုပ်နှံရမှာ ဖြစ်တဲ့အတွက် စဉ်းစားနေကြပါတယ်။ ဒါ့အပြင် ဒလမြို့နယ် ၁၁၊ ၁၄၊ ၆ နံပါတ်အပါအဝင် အံကြီးအရှေ့၊ အံကြီး အနောက်ရပ်ကွက်နဲ့ သတ်မှတ်နေရာတွေမှာ နိုင်ငံတော်က မြို့ကွက်သစ်တွေ ဖော်သွားဖို့ရှိတယ် လို့သိရပါတယ်။ ဒါက တရားဝင် သတ်မှတ်ကာလအလိုက် လုပ်ဆောင် သွားမှာပါ။ ဒါကြောင့် ခုကတည်းက အချို့လုပ်ငန်းရှင်တွေက အိမ်၊ ခြံ၊ မြေတွေဝယ်ယူပြီး ရင်းနှီးမြှုပ်နှံ ထားကြမယ်ဆိုရင် နောက်ဖြစ်ပေါ် လာမယ့် မြို့ကွက်သစ်တွေရဲ့ ဈေး နှုန်းတွေနဲ့ တံတားစီမံကိန်းအပြီး ကာလတွေထိ သူတို့ရင်းနှီးမြှုပ်နှံ ရမယ့် ငွေပမာဏဟာ အခုပေါက်ဈေး ထက်ပိုပြီး ဈေးနှုန်းတက် မလာနိုင် ဘူးလို့ ယူဆနေတာတွေလည်းရှိနေ ပါတယ်။တံတားစီမံကိန်းကြီး စပြီဆိုရင်တော့ ဒလမြို့နယ်ပေါ်မှာ ရှိတဲ့ အိမ်၊ ခြံ၊ မြေဈေးကွက် အရောင်းအဝယ် ပြန်သွက်လာနိုင် တယ်လို့ယူဆရပါတယ်''ဟု ဒလမြို့ နယ်ရှိ အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်က ဒလမြို့နယ်နှင့် ရန်ကုန်မြို့ တိုက်ရိုက် တံတားထိုးခွင့်အား လွှတ်တော်မှ အတည်ပြုလိုက်သည့်အခါ ရန်ကုန် မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များက ဒလမြို့နယ်သို့ လာရောက်ကာ အိမ်၊ ခြံ၊ မြေများအား အလုအယက်လိုက် လံစုံစမ်းဝယ်ယူခဲ့ကြောင်း သိရပြီး မြို့နယ်အတွင်းရှိ (ပေ ၂ဝx ပေ ၆ဝ)မြေကွက်သေး တစ်ကွက်လျှင် ငွေကျပ်သိန်း ၁၉ဝ ဝန်းကျင် ပေါက် ခဲ့သော်လည်း ငွေကျပ် သိန်း ၃၇ဝ ထိ အရောင်းအဝယ်ရှိ ခဲ့ကြောင်း၊ အဆိုပါကာလက မြို့နယ် အတွင်းရှိ (ပေ ၄ဝ x ပေ ၆ဝ) မြေ ကွက်ကြီး တစ်ကွက်လျှင် ငွေကျပ် သိန်း ၃ဝဝ ဝန်းကျင်မှ သိန်း ၅ဝဝ ကျော်ထိ ဈေးပေါက်ခဲ့ကြောင်း၊ ထို့ပြင် ဒလမြို့နယ်ရှိ လမ်းမကြီး ဘေး ဝဲ၊ ယာ၌ (ပေ ၄ဝ x ပေ ၆ဝ) မြေကွက်ကြီး တစ်ကွက်လျှင် ငွေကျပ် သိန်း ၃၅ဝဝ မှ သိန်း ၄ဝဝဝ ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းနှင့် လက်ရှိအနေအထားအရ ဒလမြို့နယ် ပေါ်ရှိ အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်သူများက ၄င်းတို့ပိုင် မြေကွက်များအား မရောင်းချကြတော့ဘဲ စီးပွားရေး လုပ်ငန်းရှင်များကလည်း ဈေးကွက် အနေအထားအား စောင့်ကြည့်လျက်ရှိ ကြောင်း ဒလမြို့နယ်ပေါ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အသိုင်းအဝိုင်း မှ သိရသည်။

စိုးဝင်း(MLA)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရန်ကုန်-ဒလ တံတားစီမံကိန်းရှိသော်လည်း ဒလမြေဈေး အရောင်းအဝယ်အေး   ရန်ကုန်-ဒလ တံတားစီမံကိန်းရှိသော်လည်း ဒလမြေဈေး အရောင်းအဝယ်အေး Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.