လပွတ္တာမြို့ ကမ်းနားလမ်း မီးလောင်ကျွမ်း အိမ်ခြေ (၁၇၉)လုံးနှင့် ဆိုင်ခန်း(၂၀)ကျော်ဆုံးရှုံး


နေပြည်တော်-ဖေဖော်ဝါရီ(၅)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် ဖေဖော်ဝါရီ် (၄)ရက် ည(၇)နာရီခန့်က ကမ်းနား လမ်း (၅)ရပ်ကွက်၊ ဧရာသီရိသဲလမ်းနေ ကိုနေ၀င်းထွန်း (ဈေးရောင်း)၏နေအိမ်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ရာ ကမ်းနားလမ်း (၅)ရပ်ကွက်၊ (၄)ရပ်ကွက်နှင့်(၁)ရပ်ကွက်တို့ မီးလောင် ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါကမ်းနားလမ်းတွင် မြို့၏စီးပွားရေးအချက်အချာနေရာများဖြစ်သော ပုစွန်ဒိုင်၊ ငါးဒိုင်၊ ကဏန်းဒိုင်နှင့် လူနေရပ်ကွက်များရှိပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁၇၉)လုံးနှင့် ဆိုင်ခန်း(၂၀)ကျော် ပျက်စီးဆုံးရှုံးကာ အိမ်ထောင်စု(၁၉၅)စုမှ လူဦးရေ အမျိုးသား(၃၅၆)ဦး၊ အမျိုးသမီး(၄၀၅)ဦး စုစုပေါင်း (၇၆၁)ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ လပွတ္တာမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၅)စီး၊ မြောင်းမြ ခရိုင် မီးသတ်ဦးစီးမှူးဦးစီး၍ မြောင်းမြမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ ဧရာဝတီ တိုင်းဒေ သကြီး မီးသတ်ဦးစီးမှူးဦးစီး၍ မီးသတ်ယာဉ်(၁၄)စီးနှင့် မြို့ခံ ပြည်သူလူထုမှ ၀ိုင်းဝန်း ကူညီမီးငြှိမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီ(၅)ရက် နံနက်(၂) နာရီကျော်ခန့်တွင် မီးငြိမ်း သတ်နိုင် ခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော မိသားစုများအား လပွတ္တာမြို့ လေး ထပ်ကျောင်း အတွင်း၌ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ က ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက် (လပွတ္တာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လပွတ္တာမြို့ ကမ်းနားလမ်း မီးလောင်ကျွမ်း အိမ်ခြေ (၁၇၉)လုံးနှင့် ဆိုင်ခန်း(၂၀)ကျော်ဆုံးရှုံး  လပွတ္တာမြို့ ကမ်းနားလမ်း မီးလောင်ကျွမ်း အိမ်ခြေ (၁၇၉)လုံးနှင့် ဆိုင်ခန်း(၂၀)ကျော်ဆုံးရှုံး Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.