Downtown ခြောက်မြို့နယ်အတွင်း လူသွားစင်္ကြန်ပလက်ဖောင်းပေါ်ရှိ ဈေးသည်များအား ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ (YCDC) မှ စီမံချက်ဖြင့် ဇန်န၀ါရီ ၁၈ နေ့က စတင်ကာ ဖမ်းဆီးမှုများပြုလုပ်နေပြီ ဖြစ်ကြောင်းသိရသည်။
အနော်ရထာလမ်း၊ မဟာဗန္ဒုလလမ်းပေါ်ရှိ လူသွားစင်္ကြန်ပလက်ဖောင်းပေါ်တွင် ခင်းကျင်းရောင်းချနေသော လမ်းဘေးဆိုင်များအား YCDC မှ လိုက်လံဖမ်းဆီးနေသည့်အပြင် ဆိုင်ခန်းများမှ မြောင်းဖုံးကျော် ခင်းကျင်းထားသည့် ပစ္စည်းများကို ဆိုင်တွင်းသို့ ထည့်သွင်းရန် လိုက်လံသတိပေးနေကြောင်း ရန်ကုန်မြို့နေ ခရီးသွားပြည်သူ တစ်ဦးက ပြောသည်။
“ဆိုင်ခင်းရောင်းချတဲ့ ထိုင်ခုံတွေ၊ ထီးတွေတော့ သိမ်းပြီး ကားပေါ်တင်သွားတာတွေ့ရပါတယ်။ တချို့လည်း ဆိုင်ကို သိမ်းဆည်းနေတာ၊ လမ်းအတွင်းထဲ ၀င်ရွေ့ရောင်းနေတာတွေ့ရပါတယ်”ဟု ၄င်းကပြောသည်။
Downtown ခြောက်မြို့နယ်အတွင်း လမ်းဘေးဈေးသည်များအား ဇန်န၀ါရီလ ၁၄ ရက်နေ့မှ စတင်ကာ ညနေ ၃ နာရီကျော်မှသာ ရောင်းချပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တရက်ကြိုတင် သတိပေးခဲ့ကြောင်း သိရသည်။
“စီမံချက်ကတော့ ဒီနေ့ မနက် ၁၀ နာရီလောက်က စတာပါ။ ဘယ်နေ့အထိလည်း ဆိုတာတော့ မပြောတတ်သေးပါဘူး။ ညနေ ၃ နာရီလောက်မှ ရောင်းချတာမျိုးကိုတော့ မဖမ်းပါဘူး။ ကျန်တဲ့အချိန်ကတော့ တနေကုန် ဖမ်းဆီးမှုတွေပြုလုပ်သွားမယ်”ဟု လူသွားစင်္ကြန်ပလက်ဖောင်းပေါ်ရှိ ဈေးသည်များအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် စည်ပင်ရဲတဦးကပြောသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ညနေ ၃ နာရီမတိုင်မီ ဆိုင်ခင်းသည့် လမ်းဘေးဈေးသည်များအား YCDC မှ စတင် ဖမ်းဆီး
Reviewed by THITHTOOLWIN
on
17:41
Rating: