မင်ဒါနာအိုကို အစ္စလာမ်မစ်နိုင်ငံအဖြစ် IS ကြေညာ

IS အလံနဲ့ အိန္ဒိယမှာ ဆန္ဒပြစဉ် (Credit: AFP)
ဖိလစ်ပိုင်နိုင်ငံ ​တောင်ပိုင်း ​မင်ဒါနာအို ​ဒေသကို ​IS ​အစ္စလာမ်မစ် ​ပိုင်နယ်မြေအဖြစ် ​သတ်မှတ်ထားပြီလို့ ​IS ​အဖွဲ့က ​ဗီဒီယို ​တစ်ခုမှာ ​ပြောဆိုထားပါတယ်။

The ​Australian ​သတင်းဌာနကနေ ​သီးသန့် ​ရရှိထားတဲ့ ​ဗီဒီယို ​တစ်ခုအရ ​အစ္စလာမ်မစ် ​စစ်သွေးကြွ ​တပ်ရင်း ​၄ ​ခု ​ပူးပေါင်းပြီး ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်ဖို့ ​ကတိကဝတ်ပြုကြတဲ့ပုံကို ​ပြသထားပါတယ်။

အဲဒီအဖွဲ့က ​IS ​အလံနဲ့အတူ ​အင်တာနက်ပေါ်မှာ ​သောကြာနေ့တုန်းက ​တင်ခဲ့ကြပေမယ့် ​ချက်ချင်းဆိုသလို ​ဗီဒီယိုကို ​ပြန်ဖျက်လိုက်ပါတယ်။

မင်ဒါနာအို ​ဒေသက ​Basilan ​လေ့ကျင့်ရေး ​စခန်းမှာ ​ဗီဒီယိုကို ​ရိုက်ကူးခဲ့တာ ​ဖြစ်ပြီး ​အဲဒီဒေသဟာ ​မွတ်စလင်တွေ ​ကြီးစိုးပြီး ​မလေးရှားနဲ့ ​ထိစပ်နေတဲ့ ​ဒေသ ​ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ​IS ​က ​အစ္စလာမ်မစ် ​ဒေသကို ​တည်ထောင်လိုက်တာက ​အရှေ့တောင်အာရှ ​နိုင်ငံတွေနဲ့ ​သြစတြေးလျအတွက် ​လုံခြုံရေး ​စိုးရိမ်စရာ ​ဖြစ်တယ်လို့ ​ပညာရှင် ​Rohan ​Gunaratna ​က ​The ​Australian ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းကို ​အကြမ်းဖက် ​သမားတွေ ​မသွားရောက်နိုင်အောင် ​ကန့်သတ်ဖမ်းဆီးမှုတွေ ​လုပ်တဲ့အတွက် ​အကြမ်းဖက် ​သမားတွေဟာ ​ဆီးရီးယား ​နိုင်ငံကို ​သွားခွင့်မရတော့ပေမယ့် ​ဖိလစ်ပိုင်လို ​နိုင်ငံမှာ  ​စစ်သင်တန်းယူပြီး ​သြစတြေးလျလို ​နိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​လုပ်နိုင်တယ်လို့ ​သတိပေးလိုက်ပါတယ်။

မင်ဒါနာအိုမှာ ​စစ်သွေးကြွအဖွဲ့တွေ ​ပူးပေါင်းပြီး ​မူဂျာဟီဒင်တပ် ​ထူထောင်တာကို ​အားကျပြီး ​အင်ဒိုနီးရှားနဲ့ ​မလေးရှားလို ​နိုင်ငံမှာလည်း ​အလားတူ ​ဖြစ်လာမှာကို ​စိုးရိမ်နေကြပါတယ်။

မကြာသေးခင်တုန်းကလည်း ​တရုတ်နိုင်ငံက ​ဝိဂါ ​မွတ်စလင်တချို့ဟာ ​ဆီးရီးယားကို ​သွားခွင့်မရတဲ့အတွက် ​အင်ဒိုနီးရှားနိုင်ငံက ​စစ်သွေးကြွတွေနဲ့ ​ပူးပေါင်းဖို့ ​လာရောက်ရင်း ​ဂျာဗားကျွန်းမှာ ​ဖမ်းဆီးခံရတာမျိုး ​ရှိခဲ့ပါတယ်။

ABC Radio Australia
 http://www.radioaustralia.net.au/burmese
မင်ဒါနာအိုကို အစ္စလာမ်မစ်နိုင်ငံအဖြစ် IS ကြေညာ  မင်ဒါနာအိုကို အစ္စလာမ်မစ်နိုင်ငံအဖြစ် IS ကြေညာ Reviewed by THITHTOOLWIN on 15:24 Rating: 5
Powered by Blogger.