ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ပြင်ဆင်ပြီး Facebook တွင်ဖြန့်ဝေခဲ့သည့်အမှု တရားလိုပြ သက်သေ စတင်စစ်ဆေး


ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား Photoshop ဖြင့် ပြင်ဆင်ထားသည့်ပုံကို Facebook တွင် ဖြန့်ဝေခဲ့သည် ဟုဆိုကာ တရားစွဲခံရသည့် ကန်ကြီးထောင့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဒုတိယ အတွင်းရေးမှူး ဦးသန်းထွန်း အမှုအား ဇန်န၀ါရီလ ၁၉ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေကို စတင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ငါးကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြ သက်သေအမှတ် ၁ ဖြစ်သော ဦးရဲဝေအာင်ကို စတင်စစ်ဆေးခဲ့ပြီး ၎င်းက မိမိကိုယ်တိုင် မြို့နယ်လူမှု အသင်း၏ ခေါင်းဆောင်ဖြစ်နေ၍ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဦးသန်းထွန်းနှင့် အတူတွဲ၍ပြောဆိုလုပ်ကိုင် ခဲ့ဖူးသောကြောင့် သူသူအကောင့်မှာ ဦးသန်းထွန်း၏ အကောင့်ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် တရားရုံးတွင် ထွက်ဆိုခဲ့သည်။

“တစ်ဖက်ရှေ့နေ အနေနဲ့ ဒီရုံးချိန်မှာ ဦးသန်းထွန်း အပြစ်မရှိကြောင်း သက်သေထူနိုင်ဖို့ ယေဘုယျဆန်တဲ့ အဓိပ္ပာယ် လိုသလို စွဲယူနိုင်တဲ့ မေးခွန်း မျိုးတွေကိုမေးခဲ့ပါတယ်။ ဥပမာ မည်သူမဆို ဦးသန်းထွန်း ဓာတ်ပုံကို ရယူနိုင်ပြီး အကောင့်တစ်ခုအဖြစ် ဖန်တီးနိုင်တယ်ဆိုတာ ဟုတ်သလား မဟုတ်ဘူးလားဆို တဲ့
မေးခွန်းမျိုးပေါ့။ ဒီလိုမေးခွန်းက ဘယ်သူမေးမေး ဟုတ်ပါတယ်လို့ပဲ ဖြေရမယ့်မေးခွန်းမျိုးပါ။ အဲဒီလို မေးခွန်းမျိုးတွေ မေးပြီး အပြစ်ကိုဖုံးကွယ်ဖို့ ကြိုးစားနေဟန်ရှိတယ်” ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည့် တရားလိုပြ သက်သေဦးရဲဝေအောင်က ပြောသည်။

ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တွဲဖက်အတွင်းရေမှူး ဦးသန်းထွန်းမှာ စက်တင်ဘာ ၂ ရက်နေ့ ညနေ ၆း၄၂ နာရီခန့်က ၎င်းသုံးစွဲနေသည့် Thu Thu အမည်ရှိ Facebook အကောင့်တွင် အဆိုပါ ဓာတ်ပုံများအား တင်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို အမှုဖွင့် မတိုင်ကြားခင်က Thu Thu မှာ မိမိအကောင့် ဖြစ်၍မိမိမှာ တာဝန်ရှိ သည်ဟု ဦးသန်းထွန်းက မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ အငြင်းပွားမှု ဖျန်ဖြေရေးအဖွဲ့ ခေါင်းဆောင်တို့ ရှေ့တွင်ပြောဆို ၀န်ခံခဲ့ပြီး မြို့ခံ လူငယ်များ၏ တောင်းဆိုသော လူထု ခေါင်းဆောင်
ဒေါ်အောင်ဆန်းကြည်၏ ဓာတ်ပုံ ရှေ့တွင် မြန်မာ့ရိုးရာဓလေ့ အတိုင်း ၀န်ချတောင်းပန်မည်ဟု မြို့၏ ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်များ ရှေ့တွင် ပြောဆိုခဲ့သော်လည်း ၎င်းမှ တောင်းပန်ဝန်ချရန် ကတိပျက်ကွက်သဖြင့် ဥပဒေကြောင်းအရ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားခဲ့သူ ကိုစည်သူအောင်ကပြောသည်။

“ဒီအမှုက အရမ်း အရေးကြီးပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ညစ်ညမ်းဓာတ်ပုံ ညစ်ညမ်းတဲ့ လိင်မှုကိစ္စ အရေးအသား အွန်လိုင်းကနေ ဖြန့်ဝေခဲ့တာ ဖြစ်တယ်။ လူထုခေါင်းဆောင်ကို ဒီလိုစော်ကားတာကလည်း ကျွန်မတို့ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း အမျိုးသမီးတစ်ဦးကို ဒီလို ပြုမူတာကလည်း မိခင်အမျိုးထု တစ်ရပ်လုံးကို ပြုမူတာနဲ့ အတူတူပါပဲ” ဟု တရားလို၏ ရှေ့နေဒေါ်သင်းသင်းနွယ်က ပြောသည်။

ထို့ကြောင့် မြန်မာပြည်တွင် နောက်ထပ် ယခုကဲ့သို့ အဖြစ်အပျက် မျိုး ထပ်မဖြစ်ရေးအတွက် အမှန်တရား ပေါ်ပေါက်ရေးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တစ်ဖက်ရှေ့နေ အနေဖြင့်လည်း ၎င်း၏ အမှုသည်အပြစ် သက်သာအောင်ကြိုးစားခြင်း သည် ရှေ့နေတစ်ဦး၏ တာဝန်နှင့် အခွင့်အရေးပင် ဖြစ်ကြောင်း ၎င်းက
ဆက် ပြောသည်။

အဆိုပါ အမှုမှာ ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်၍ အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး ဆိုင်ရာဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆို ကြားနာလျက်ရှိသော အမှုဖြစ်ပြီး အဆိုပါ အမှု၏ တရားလိုပြ သက်သေ ငါးဦး အား ဆက်လက် စစ်ဆေးနိုင်ရန်အတွက် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ထပ်မံချိန်းဆိုလိုက်သည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ပြင်ဆင်ပြီး Facebook တွင်ဖြန့်ဝေခဲ့သည့်အမှု တရားလိုပြ သက်သေ စတင်စစ်ဆေး  ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ပြင်ဆင်ပြီး Facebook တွင်ဖြန့်ဝေခဲ့သည့်အမှု တရားလိုပြ သက်သေ စတင်စစ်ဆေး Reviewed by THITHTOOLWIN on 15:07 Rating: 5
Powered by Blogger.