လူသတ်၍ မီးရထားသံလမ်းဘေး ချုံပုတ်အတွင်း စွန့်ပစ်ခဲ့သူအား စားသောက်ဆိုင် CCTV မှတစ်ဆင့် ဖမ်းဆီးဖော်ထုတ်


တိုက်ကြီး ဇန်နဝါရီ ၂၈

တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက် မီးရထားသံလမ်းဘေး မိုင်တိုင်အမှတ် (၄၁/၈ နှင့် ၄၁/၉) အကြားရှိ ချုံပုတ်အတွင်း အသက် (၃၅) ခန့်ရှိ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီခွဲက တိုက်ကြီးမြို့ မြို့မစခန်းမှူး ကြည်စိုးသန့်နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ယာချိုစောင်းပေါက်ပြဲ၊ နဖူးပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် တိုက်ကြီးမြို့နယ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တိုက်ကြီးမြို့ မြို့မစခန်းမှူး ကြည်စိုးသန့်က တရားလိုပြုလုပ်၍ လူသတ်မှုကျူးလွန်သူအား အရေးယူပေးရန် တိုင်တန်း၍ တိုက်ကြီးမြို့မ စခန်းက အမှုဖွင့်စစ်ဆေးရာ အခင်းဖြစ်အရပ်နှင့် ကိုက် ၂ဝဝ ခန့်အကွာတွင် ရန်ကုန်-ပြည်လမ်းဘေးရှိ 'ပိုင်' စတိုးဘေးလမ်းကြားတွင် သွေးကွက်များတွေ့ရှိရပြီး သွေးစွန်းနေသော High class အရက်ပုလင်းခွံ၊ သွေးစွန်း နေသော အုတ်ခဲကျိုးများကို တွေ့ရှိရသဖြင့် အနီးရှိ ''သရက်စ်'' စားသောက်ဆိုင်အား စုံစမ်းရာ အဆိုပါဆိုင်၏ CCTV မှတ်တမ်းအရ ဇန်နဝါရီ ၂၆ ရက် ည ၁ဝ နာရီတွင် သေဆုံးသူပါသုံးဦး အရက်သောက်ခဲ့သည်ကို တွေ့ရှိရသည်။

အရက်သောက်ရာတွင် ပါဝင်သူ ရှမ်းစုရပ်ကွက်နေ သူရဝင်း(ခ)ဟာစန်း (၃၂) နှစ်အား စစ်ဆေးရာ ဇန်နဝါရီ ၂၇ ရက်က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

သေဆုံးသူမှာ ဂျိုးဖြူကျေးရွာအုပ်စု ဆိပ်သာကျေးရွာနေ စိုးစိုး(ခ)ရဲထွန်းစိုး (၃၂)နှစ်ဖြစ်ပြီး ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ လက်ပံတန်းမြို့နေသူတစ်ဦးအား ဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
လူသတ်၍ မီးရထားသံလမ်းဘေး ချုံပုတ်အတွင်း စွန့်ပစ်ခဲ့သူအား စားသောက်ဆိုင် CCTV မှတစ်ဆင့် ဖမ်းဆီးဖော်ထုတ်  လူသတ်၍ မီးရထားသံလမ်းဘေး ချုံပုတ်အတွင်း စွန့်ပစ်ခဲ့သူအား စားသောက်ဆိုင် CCTV မှတစ်ဆင့် ဖမ်းဆီးဖော်ထုတ် Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.