ဧရာဝတီမြစ်ကြောင်းသွား ရေယာဉ်အချို့ ညအိပ်ရပ်နားထားစဉ် အုပ်စုဖွဲ့လူတစ်စု၏ တိုက်ခိုက် လုယက်ခံရမှုများဖြစ်ပေါ်

ပုံစာ = ဧရာဝတီမြစ်ကြောင်းသွား ရေယာဉ်များအား မြင်တွေ့ရစဉ်
ကသာ၊ ဇန္န၀ါရီ ၁၁

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့သို့ စက်သုံးဆီများသွားရောက်ပို့ဆောင်သည့် ရေယာဉ်ကြီး နှစ်စင်းသည် ဇန္န၀ါရီ ၉ ရက် မနက် ၃၀ မိနစ်အချိန်ခန့်က မတ္တရာမြို့နယ်၊ ဥဒိမ်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကြောင်းအတွင်း ညအိပ်ရပ်နားရန် ရေယာဉ်ဆိုက်ကပ်ထားစဉ် ဒုတ်၊ဓား၊ လေးခွများ ကိုင်ဆောင်ထားသည့် လူ(၁၂)ဦးခန့်က ဟွန်ဒါစက်တပ် ပဲ့ချိတ်နှစ်စီးဖြင့် ရောက်ရှိလာပြီး လေးခွကုန်းသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ၎င်း ရေယာဉ်ပေါ်ရှိ သင်္ဘောသားများထံမှ ငွေကျပ်(၁၀)သိန်းနှင့် လက်ကိုင်ဖုန်း(၉)လုံးတို့အား လုယက်ယူငှင်သွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ ဒုတ်၊ဓား၊ လေးခွများ ကိုင်ဆောင်ထားသည့် လူ(၁၂)ဦးခန့်သည် မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားခဲ့ပြီးနောက် မနက် ၁ နာရီခွဲအချိန်ခန့်တွင် ညအိပ်ရပ်နားရန် ဆိုက်ကပ်ထားသည့် ရေယာဉ် နောက်တစ်စီးအား အလားတူထပ်မံ တိုက်ခတ်ခဲ့ပြီးနောက် ၎င်းရေယာဉ်ပေါ်မှ ငွေကျပ်(၂၀)သိန်းနှင့် လက်ကိုင်ဖုန်း(၁၂)လုံးတို့ကို လုယူသွားကြောင်း သိရသည်။

`` လေးခွကုန်းသီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ပြီး ငွေကြေးနဲ့ လက်ကိုင်ဖုန်းများ လုယက်ခံရသည့် ရေယာဉ်နှစ်စီးကတော့ စိန်စွန်ညို ရေယာဉ်နဲ့ အေးချမ်းမြန်မာ(၁) ရေယာဉ်များဖြစ်ပါတယ်..´´ ဟု မတ္တရာမြို့မရဲစခန်းမှ အတည်ပြုပြောကြားသည်။

ထို့ကြောင့် ဒုတ်၊ ဓား၊ လေးခွများကိုင်ဆောင်ကာ အုပ်စုဖွဲ့၍ ရေယာဉ်များ ညအိပ်ရပ်နားထားစဉ် ပစ်ခတ် တိုက်ခိုက်၍ ငွေကြေးနှင့် လက်ကိုင်ဖုန်းများ လုယက်ယူငှင် ထွက်ပြေးတိမ်းရှောင်သွားသူများနောက်သို့ မတ္တရာမြို့မရဲစခန်းမှူး ဒုရဲမှူး အေးမင်းနှင့်အဖွဲ့က အပူတပြင်းလိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/

ဧရာဝတီမြစ်ကြောင်းသွား ရေယာဉ်အချို့ ညအိပ်ရပ်နားထားစဉ် အုပ်စုဖွဲ့လူတစ်စု၏ တိုက်ခိုက် လုယက်ခံရမှုများဖြစ်ပေါ်  ဧရာဝတီမြစ်ကြောင်းသွား ရေယာဉ်အချို့ ညအိပ်ရပ်နားထားစဉ် အုပ်စုဖွဲ့လူတစ်စု၏ တိုက်ခိုက် လုယက်ခံရမှုများဖြစ်ပေါ် Reviewed by THITHTOOLWIN on 17:31 Rating: 5
Powered by Blogger.