ကလေးသူခိုး


|| စိုပြေ ||

ဒီရက်ပိုင်း အပြင်တွေ မသွားဖြစ်တော့ဘူး။ အလိုလိုနေရင်း လန့်နေတယ်။
အနီးနားမှာ စာသင်ကျောင်း တစ်ခုရှိတော့လည်း ပိုဆိုး။ ကလေးကို မြင်တာနဲ့ကို
ကြောက်နေတာ။ ကလေးဆို ခပ်ဝေးဝေးက ရှောင်တယ်။ ကျုပ်က ရုပ်ခံလေးလည်း
ရှိတာကိုး။ ကလေးသူခိုးလို့ တစ်ယောက်ယောက်က အော်လိုက်တာနဲ့ ကျုပ်ကိုပဲ
ဝိုင်းရိုက်ကြမှာ။ ဟုတ်ဟုတ်မဟုတ်ဟုတ်။ မန္တလေးမှာဆို ကလေးသူခိုးဆိုပြီး
ဝိုင်းရိုက်လိုက်တာ သေပါလေရောတဲ့။ တကယ်တော့ အဲ့လူက ကလေးသူခိုးလည်း
မဟုတ်ဘူး။ ကုန်စိမ်းသည်တဲ့။ ဘယ်လောက်တောင် သနားဖို့ကောင်းလဲ။
လောလောဆယ်တော့ သူ့ကို သနားတာထက် ကိုယ့်ကို ကလေးသူခိုးလို့
အထင်မခံရဖို့ အရေးကြီးတယ်လေ။ အဲ့ဒါကြောင့် အနေအထိုင် ဆင်ခြင်နေရတာပေါ့။

အခုတလောကလည်း ကလေးသူခိုးတွေ ဟိုနားမှာ မိတယ်၊ ဒီနားမှာ မိတယ် ဆိုပြီး
သတင်းတွေကလည်း တော်တော်ပြန့်သားဗျ။ စစချင်းပြန့်တာကတော့ သထုံမှာ
ကလေးသူခိုးမိလို့ ဆိုတဲ့ သတင်းထင်တယ်။ နောက်ပိုင်းတော့ ဟိုနားမှာ မိပြန်ပြီ။
ဒီနားမှာ မိပြန်ပြီ။ တကယ်လားလို့ လူကုန်ကူးဌာနက ရဲအရာရှိတွေကို
စုံစမ်းကြည့်တော့ မဟုတ်ဘူး။ အခြားအမှုတွေ မိတာနဲ့ ကလေးသူခိုးဆိုပြီး
အထင်မှားကြတာတွေကို ကလေးသူခိုးမိပါတယ် ဆိုပြီး ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်
တင်ကြရယ်။ အခုအချိန်အထိတော့ တကယ့် ကလေးသူခိုး သတင်းစစ်စစ်ကို
မတွေ့သေးဘူး။ ၈၈ အရေးအခင်းတုန်းကလည်း ရေအိုးထဲမှာ အဆိပ်တွေ
လိုက်ခတ်နေပါတယ်ဆိုပြီး ဒဂုံမှာ လင်မယားနှစ်ယောက် ခေါင်းဖြတ်
သတ်ခံလိုက်ရဖူးတယ်။ အခြားနေရာ တွေမှာလည်း အဆိပ်ခတ်တယ်ဆိုပြီး
အသတ်ခံရတဲ့လူတွေ ရှိတယ်လို့ ကြားမိတယ်။ တကယ်လည်း အဆိပ်ခတ်တာ
မဟုတ်ဘဲနဲ့။ ကောလဟကို ယုံပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မဆင်မခြင်နဲ့
သတ်လိုက်တာ။

ဟိုးတလောက မွတ်ဆလင်တွေနဲ့ ပဋိပက္ခ ဖြစ်တော့လည်း ဒီလိုပဲ။ ဘယ်မှာတော့
ကုလားနဲ့ ဗမာရိုက်နေပြီ။ ဟိုမှာတော့ ရခိုင်နဲ့ ဆော်ကုန်ပြီ။ ကောလာဟလတွေ
ဖြန့်ကြတယ်။ လောက်ကိုင်မှာ စစ်ဖြစ်တုန်းကလည်း ဒီလိုပဲ။ ဘယ်ရွာမှာ
ပေါ်တာဆွဲတယ်၊ ဟိုရွာမှာ ပေါ်တာဆွဲတယ်ဆိုပြီး သတင်းတွေ ဖြန့်တယ်။
တကယ်စုံစမ်းတော့ မဟုတ်ဘူး။ အခုရက်ပိုင်းလည်း ဖေ့စ်ဘုတ်မှာဆို
သတင်းဌာနတွေရဲ့ ပေ့ခ်ျတွေကို အတုလုပ်တယ်။ ပြီးရင် ကလေးသူခိုးအကြောင်း
တင်တယ်။ အချို့လူတွေက ဘာသတင်းဖြစ်ဖြစ် ယုံတယ်။ အချို့လူတွေကတော့
သတင်းဌာနတွေမှာ တင်မှယုံတယ်။ အဲ့သတင်းဌာနက ပေ့ခ်ျ အစစ်လား အတုလား
မစုံစမ်းတော့ဘူး။ အဲ့တော့ တကယ်ပဲဆိုပြီး ယုံကြလေရော။ ဒီလိုမျိုးကလေးသူခိုး
ကောလာဟလတွေ ဖြန့်တာဟာ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိပုံရတယ်။ အစိုးရ
အပြောင်းအလဲကာလမှာ ဆူပူစေချင်တာလား။ ဘာလားပေါ့။

သေချာတာကတော့ ပြည်သူတွေကို ထိတ်လန့်စေချင်တဲ့ ရည်ရွယ်ချက် ကတော့
အထင်အရှားပဲ။ အခုဆို ကလေးသူခိုး ကောလာဟလက တောရွာတွေအထိ
ရောက်ကုန်ပြီ။ နာမည်ကြီးဓာတ်ပုံ သတင်းထောက် တစ်ယောက်တောင်
ချောင်းသာဘက်က ရွာတစ်ရွာမှာ တည်းခိုဖို့ ခွင့်တောင်းတာ ခွင့်မပြုကြဘူးတဲ့။
ဘာဖြစ်လို့လဲဆိုတော့ ကလေးသူခိုး ဖြစ်နေမှာစိုးလို့တဲ့။ မတော်လို့များ အဲ့ရွာမှာ
ကလေး တစ်ယောက်ယောက်ကို ကောက်ချီမိရင် ဓာတ်ပုံဆရာခမျာ ကလေးသူခိုး
ဆိုပြီး ၀ိုင်းရိုက်ခံရမယ့်ပုံပဲ။ ကလေးသူခိုးသတင်းတွေက ပြန့်နေပါတယ်ဆိုမှ နိုင်ငံပိုင်
သတင်းစာကြီးကလည်း ကလေးသူခိုးမိတယ်ဆိုပြီး ရေးလိုက်သေးတယ်။ ပြီးတော့
တကယ်လည်း ကလေးသူခိုး မဟုတ်။ ရဲတွေမှာ ပြန်ရှင်းရတာနဲ့ အလုပ်တွေ
ရှုပ်ကုန်ရော။

လူတွေကလည်း ခက်တယ်။ တကယ့်သတင်းအမှန်ဆို မယုံကြဘူး။
ကောလာဟလဆို သိပ်ယုံကြတာ။ စိုးရိမ်တာလည်း ပါမှာပေါ့။ ကိုယ်အပင်ပန်းခံပြီး
မွေးထားတဲ့ကလေး ပျောက်သွားမှာတော့ လူတိုင်းစိုးရိမ်ကြတာပဲ။
ဟိုတလောကလည်း ကလေးအမေ တစ်ယောက် ကလေးချီလာတာကို ကလေးသူခိုး
ဆိုပြီး ၀ိုင်းဖမ်းကြတယ်တဲ့။ သူ့ကလေးပါလို့ ပြောတာလည်း မယုံကြဘူး။
နို့လှန်တိုက်ပြမှ ယုံမယ်ဆိုလို့ နို့လှန်တိုက်ပြခဲ့ရတယ်ဆိုပဲ။ နောက်ဆိုရင် ကလေး
အမေတွေလည်း အပြင်သွားမယ်ဆိုရင် သားသမီးဖြစ်ကြောင်း ထောက်ခံစာလေးပါ
ယူသွားရတော့မယ်ထင်တယ်။ အဖွဲ့အစည်းတစ်ခုခုကတော့ သေချာလေး ရှင်းပြ
သင့်ပြီထင်တာပဲ။ အဲ့ဒါတွေကြောင့် ကျုပ်လည်း အပြင်ကို မထွက်တော့တာ။
ကလေးသူခိုးဆိုပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဆွမ်းကြီးဝိုင်းလောင်းလို့
ကတော့ ကျုပ်မှမဟုတ်ဘူး။ ဆူပါမင်းလည်း အသက် ထွက်သွားနိုင်တယ်။

စိုပြေ
The Ladies News Journal
https://www.facebook.com/News.TheLadies/
ကလေးသူခိုး ကလေးသူခိုး Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.