ရန်ကုန်မြို့တွင်း ကျူးထားသမျှ အနှေးနဲ့အမြန် ဖယ်ရှားမည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးပြော


ရန်ကုန်တိုင်းအတွင်း အစိုးရပိုင်မြေများပေါ်တွင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားလျက်ရှိရာ ရန်ကုန်မြို့ တွင်းမြို့နယ်များနှင့် ဆက်စပ်မြို့နယ်များတွင် ကျူးကျော်နေထိုင်သူများကိုလည်း အနှေးနဲ့အမြန်ဆိုသလို ဖယ်ရှားရှင်းလင်းသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင် ထွန်းက News Watch ဂျာနယ်သို့ ပြောသည်။

''ရန်ကုန်တိုင်းအတွင်းမှာ အစိုးရပိုင်မြေကို ကျူးကျော်ထားတာတွေကတော့ အများကြီးလေ။ အများဆုံး ကျူးကျော်နေတဲ့မြို့တွေက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံဘက်ကဟာတွေလည်း တော်တော် များများ ကျူးကျော်တယ်။ နောက် လှည်းကူး၊ ဒါတွေလည်း ကျူးကျော်တွေပဲ။ အဲဒီအထဲမှာ တို့က နိုင်ငံတော် မြေတွေကို တဖြည်းဖြည်းနဲ့ရှင်းသွားမှာပဲ။ ဘယ်နေ့မှာ ဘာရှင်းမလဲဆိုတာတော့ မသိသေးဘူး။ တခြားလုံခြုံရေး လုပ်ငန်းတွေလည်းရှိသေးတာကို''ဟု ၀န်ကြီးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင် ရန်ကင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့်မရမ်းကုန်းမြို့နယ် အစရှိသည့် ဆင်ခြေဖုံးမြို့နယ်များတွင်လည်း နည်းမျိုးစုံဖြင့် အခိုင်အမာ ကျူးကျော်ဆောက်လုပ်နေထိုင်မှုများရှိရာ ယင်းကျူးများသည် ဆိုင်ရာပိုင်ရာဌာနများကို လာဘ်ထိုး၍ ဆောက်လုပ်နေထိုင်ကြသည့်အတွက် ဖယ်ရှားခြင်းမခံရခြင်းဖြစ်သည်ဟူသော ဝေဖန်မှုအပေါ် ၀န်ကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

''လာဘ်ထိုးတယ်။ မထိုးဘူးဆိုတာ သူ့ကာယကံရှင်တွေပဲ သိမှာပဲလေ။ ကိုယ်တို့ကတော့ အဲဒီရပ်ကွက်ထဲအထိ မသိနိုင်ဘူး။ စီမံကိန်းနဲ့ နီးလာရင်တော့ ဖယ်ရှားမယ်။ မဖယ်ရှားစေချင်ရင် မကျူးနဲ့။ ဥပဒေနဲ့ညီတဲ့နေရာမှာပဲ နေ။ အဲ့ဒါဆိုရင်တော့ ဘာပြဿနာမှမရှိပါဘူး။ သို့သော်လည်းပဲ သူကိုယ်တိုင်သိပြီး လိုက်ကျူးနေရင် တချိန်ချိန် မှာဖယ်ရှားခံရမှာပဲ။ ဒီအစိုးရမှ မဟုတ်ဘူး။ အစိုးရအဆက်ဆက် ဖယ်ရှားခံရမှာပဲ။ အနှေးနဲ့ အမြန်ပဲကွာလိမ့်မယ်'' ဟု ၀န်ကြီးက ဆိုသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ကျုးကျော်ပြဿနာများ သည် နိုင်ငံတော်အစိုးရ ခေတ်အဆက် ဆက်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာများဖြစ်၍ အဆိုပါ ကျူးကျော်ပြဿနာများအား အမှန်တကယ်ဖြေရှင်းနိုင် သည့်နည်းလမ်းမှာ နိုင်ငံတော်အဆင့် စီမံကိန်းအဖြစ်လုပ်ဆောင်မှသာ ရနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

''ကျူးမဖြစ်အောင်လုပ်ဖို့ဆိုတာက တကယ့်ကို နိုင်ငံတော်စီမံ ကိန်းအကြီးကြီးနဲ့ပဲ လုပ်မှရမှာ။ ဒီအတိုင်းကတော့ မရနိုင်ဘူး။ ကျူးဆိုတာလည်း ခုနကပြောသလိုပေါ့။ ဒီမှာရှိတဲ့ ကျူးတွေကို စာရင်းကောက်ပြီး တိုက်ခန်းတခန်းစီ ပေးလိုက်ရော။ ပြီးသွားပြီလား။ နောက်ထပ် ထပ်ရောက်လာဦးမှာပဲ။ အဲဒါကြောင့် ပြောတာပေါ့။ ဘယ်လို လုပ်ရှင်းမလဲ။ ကျူးဆိုတာ ရှင်းလို့ဘယ်လိုမှမပြီးနိုင်ဘူး''ဟု ၀န်ကြီးပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်ရှိသည့် မြို့နယ် ၄၅ မြို့နယ်တွင် အစိုးရပိုင်မြေများအား ကျူးကျော်ဆောက် လုပ်နေထိုင်သူမှာ သောင်းဂဏန်းခန့်ရှိကြောင်းနှင့် အဆိုပါကျူးကျော်တို့၏လုပ်ရပ်သည် ဥပဒေနှင့်ညီညွတ်ခြင်း မရှိသည့်အတွက် နိုင်ငံတော်အစိုးရ၏စီမံကိန်းများ ပြုလုပ်မည့်အချိန်အခါတွင် ဆက်လက်ရှင်းလင်းဖယ်ရှားသွား မည်ဖြစ်ပြီး မြို့နယ်အချို့တွင် စတင်ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် အစိုးရပိုင်မြေများအား လက်ညှိုးထိုးကာ အိုးမဲ့၊ အိမ်မဲ့ ပြည်သူများအား အယုံသွင်း၍ ရောင်းစား သည့်ပွဲစားများအားလည်း ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ကျူးကျော်များနှင့် ရပ်မိရပ်ဖများက ဝေဖန်လျက်ရှိသည်။

''ပေ ၂၀ ၊ ပေ ၄၀ ကို ငါးထောင်နဲ့ မှတ်ပုံတင်မိတ္တူရှိရင် ၀ယ်လို့ရတယ်ဆိုပြီး အဖွဲ့တွေလာတယ်။ အဲဒါနဲ့ ကျွန်မ တို့ရပ်ကွက်က ပြည်သူတွေလည်း မှတ်ပုံတင် မိတ္တူတွေကူးပြီး ၀ယ်လိုက်ကြတာ။ မ၀ယ်တဲ့သူက ခပ်ရှားရှား ရယ်။ ဒါပေမဲ့ ရောင်းတဲ့မြေက လူမနေရင် ပြန်သိမ်းမယ်ဆိုလို့ တဲသွားထိုးထားရတယ်။ တပတ်လောက်နေတော့ ရဲတွေလာပြီး နေရာရွှေ့ပေးဖို့ပြောတယ်။ ကျွန်မတို့ကလည်း ၀ယ်ထားတဲ့အကြောင်းပြောတယ်။ နောက်နေ့ထပ် လာတယ်။ ရွှေ့ဖို့ပြောတယ်။ မရွှေ့တော့ ဒီမှာ ဆက်နေရင် ဖမ်းဆီးအရေးယူမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မ တို့လည်း ငါးထောင်နဲ့ဝယ်ထားတဲ့နေရာကို မသွားရဲတော့ဘူး။ နေ့တိုင်း ရဲတွေ ခြေတွေရှုပ်နေလို့။ ငါးထောင်နဲ့ ၀ယ်တယ်ဆိုပေမယ့် မင်္ဂလာဒုံကနေ လှည်းကူးကိုသွားရတဲ့ ဆိုင်ကယ် ကယ်ရီခက တနေ့ကို အသွားအပြန် တသောင်းလောက်ကုန်တယ်။ တပတ်လောက် တော်တော်ကုန်သွားတယ်။နောက်မှ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးက လာပြောတယ်။ လယ်/ဆည်က ပိုင်တဲ့မြေဆိုတာ သိရတယ်။ အဲဒါကြောင့် ရပ်ကွက်ထဲအထိ လာဆင်းရောင်း တဲ့ပွဲစားတွေကို အရေးယူပေးပါလို့ ပြောချင်တယ်''ဟု လှည်းကူး လယ်/ဆည်မြေတွင် ပွဲစားမှတဆင့် ၀ယ်ယူ ထားသည့် မင်္ဂလာဒုံမြို့နယ်နေသူ ကျူးကျော်တဦးက ပြောသည်။

အစိုးရပိုင်မြေများအား ပြန်လည်သိမ်းယူသည့်နေရာတွင် ချက်ချင်းသိမ်းယူခြင်းမဟုတ်ဘဲ သတိအထပ်ထပ် ပေးပြီးမှ ဥပဒေနဲ့အညီ ဖယ်ရှားရှင်းလင်းခြင်းဖြစ်ပြီး လူအသေအပျောက်ရှိသည်၊ အမျိုးသမီးတဦးဆေးရုံတင် လိုက်ရသည် စသည့် အွန်လိုင်းသတင်းများမှာ ကောလာဟလများသာဖြစ်ကြောင်း နယ်/လုံဝန်ကြီးက ဆိုသည်။

''ရှင်းတယ်ဆိုတာ အခုသွားပြီးတော့မှ မနက်ထဖျက်တာမဟုတ်ပါဘူး။ သတိပေးချက်တွေ တို့က အကြိမ်ကြိမ် ပေးတယ်။ ပေးပြီးတော့မှ တာဝန်ရှိတဲ့သူတွေ ထပ်ပြောတယ်။ ပြောပြီးတော့မှ ဖယ်ရှားတာ။ သူတို့ အစီအစဉ်နဲ့ ပြောင်းချင်တယ်ဆိုရင်လည်း ကားစီစဉ်ပေးတယ်။ Medical Cover အဖွဲ့လည်းရှိတယ်။ နဂိုကျန်းမာရေးအခြေ အနေမကောင်းလို့ ဆေးရုံတင်ရမယ်ဆိုလည်း လူနာတင်ကားနဲ့ချက်ချင်းပို့ပေးမယ်။ သူ့ပစ္စည်းတွေကို ဖယ်ရှား တဲ့အခါမှာ တခုမှ မပျက်စီးစေနဲ့။ ပန်းကန်တွေကွဲတာ တို့ လုံးဝမဖြစ်စေနဲ့ ကိုယ့်ပစ္စည်းလို့ သဘောထားပြီးတော့ အကုန်ရွှေ့ပေးပါလို့ ညွှန်ကြားထားပြီးမှ လုပ်တာပါ''ဟု ၀န်ကြီးက ဆိုသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ရန်ကုန်မြို့တွင်း ကျူးထားသမျှ အနှေးနဲ့အမြန် ဖယ်ရှားမည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးပြော  ရန်ကုန်မြို့တွင်း ကျူးထားသမျှ အနှေးနဲ့အမြန် ဖယ်ရှားမည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးပြော Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.