ကျောင်းသား၊ ကလေးတွေကို ဖုန်းဝယ်ပေးမှ လူရာဝင်မှာတဲ့လား


တနေ့မှာ ကျောင်းသားမိဘတဦးက ကျွန်တော့်ကို လမ်းကြုံနှုတ်ဆက်ရင်း ပြောပါတယ်။ ဆရာ့တပည့်ကို အခုထက် ပိုတော်အောင် လေ့ကျင့်ပေးပါ။ ဆရာ့ကိုလည်း အပ်ပါတယ်တဲ့။ ကျွန်တော်က တော်ချင်တာ ခဏ ထား၊ အခုတတ်သိနေတဲ့ အရှိန်လေးလျော့မသွားအောင် ကလေးကိုဝယ်ပေးထားတဲ့ဖုန်းကို ပြန်သိမ်း ထားလိုက်ပါ။ သိမ်းဖို့ကိုခက်နေရင်တောင်မှ ကလေးဖုန်းအသုံးပြုနေတာကိုလျှော့ဖို့ ပြောချလိုက်ရတော့တယ်။ မိဘတွေ တော်တော်လေး မျက်နှာပျက်သွားကြတယ်။ မတတ်နိုင်ဘူးလေ။ ကိုယ်ကဆရာဆိုတော့ ဆိုရေးရှိက ဆိုရမည်ပေါ့။ လက်ခံတာ၊ လက်မခံတာက သူတို့အပိုင်း၊ ပြောရမှာက ကိုယ့်အပိုင်းလို့ကို ခံယူထားမိတယ်။

ယနေ့ခေတ်မှာတော့ ကျောင်းသားမိဘတိုင်းလိုလိုပင် ကလေးတွေကို ချစ်ပြတဲ့နေရာမှာ လိုအပ်တာထက်ပိုမိုပြီး အလိုလိုက်နေကြသလို ဖြစ်နေကြတယ်လို့ ကျွန်တော်မြင်ပါတယ်။ အများစုက ကိုယ့်ကလေးကို ဖုန်းဝယ်ပေး လိုက်တာနဲ့တင် လူရာဝင်သွားမယ်၊ ခေတ်မီသွားမယ်လို့ထင်နေကြတာကြောင့်ပေါ့။ တကယ်တမ်းကျတော့ ဖုန်းဆိုတာ ခေတ်ပေါ်အသုံးအဆောင်တမျိုးပါ။ ကြွားစရာလို့ မယူဆကြဘဲ လျော်ကန်စွာအကျိုးရှိအောင် အသုံးချတတ်ကြမယ်ဆိုရင် အင်မတန်အကျိုးများတာပါ။ တချို့ကျပြန်တော့ ဆင်ခြေပေးတတ်ကြပါသေးတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ကလေးနဲ့လွယ်လင့်တကူအဆက်အသွယ်ရအောင်လို့ပါတဲ့။ အိမ်ကနေ ကျောင်းကိုကားစီးသွားရမယ်ဆိုရင် သုံးမှတ်တိုင်၊ လေးမှတ်တိုင်သာသာလောက် သွားရတာလေ။ တခါတလေ ကျရင် ကျောင်းသားတွေထက်ကို မိဘတွေက မလိုအပ်တာကို ပိုအကဲသန်နေကြတယ်လို့တောင် ကျွန်တော် ထင်မိပါတယ်။

ကြာတော့ ကြာခဲ့ပါပြီ။ အတန်းငယ်ငယ်ကတည်းက ကျွန်တော် လေ့ကျင့်သင်ကြားပေးလာခဲ့တဲ့ တပည့်လေး တယောက်ရှိခဲ့ဖူးတယ်။ အင်မတန်ထက်မြက်ပြီးတော့ ကျောင်းမှာဆို အမြဲလိုလိုအဆင့်(၁)ကနေ (၅) အောက် ကို မဆင်းတဲ့ကလေးပါ။ ကလေးက အင်္ဂလိပ်စာမှာဆိုရင်လည်း Essential Grammar in Use (အနီရောင်စာအုပ်ကို) ၈ တန်းလောက်ကတည်းက အပြတ်လေ့ကျင့်ထားတာပါ။ ၉ တန်းကို ရောက်တဲ့အခါမှာ မိဘတွေက ကလေးကို ဖုန်းတလုံး ၀ယ်ပေးလိုက်ပါတယ်။ ကောင်းတယ်မဟုတ်လားလို့ ကျွန်တော့်ကိုမေးတော့ ဘာမှပြန်မပြောသာခဲ့ဘူး။ ကိုယ်ကလည်း ဖုန်းလေးတလုံးတောင်မှ ၀ယ်ပြီးတော့ မကိုင်နိုင်သေးတဲ့အချိန် ဆိုတော့ မ၀ယ်ပေးနဲ့ဦးလို့ပြောရင် မနာလိုလို့ပြောတာပဲဆိုပြီး တလွဲအထင်ခံရမှာလည်း စိုးတာပေါ့။ ကလေးက အားရင် ဖုန်းနဲ့ဂိမ်းကို စတင်ကစားနေပါပြီ။ ကိုးတန်းစာမေးပွဲပြီးတဲ့အခါမှာတော့ ရံဖန်ရံခါမှာ ဂိမ်းဆိုင်ကိုတောင် သွားတတ်နေပါပြီ။ အဲဒီအချိန်တုန်းက Dota ဆိုတဲ့ ဂိမ်းခေတ်စားစပြုတဲ့အချိန်လေ။ သိပ်မကြာခင်မှာပဲ ကလေးဟာ မျက်မှန်ကိုစတပ်ခဲ့ရတယ်။ ဆုံးရှုံးမှုလို့ ကျွန်တော်မြင်မိတာကတော့ ကလေးဟာ ဆယ်တန်းကို ရိုးရိုးနဲ့ပဲအောင်ခဲ့ရရှာတယ်။ အခု အချိန်ထိကို ဂိမ်း(Dota)ကို ခုံမင်နေတုန်းဖြစ်သွားတာပါ။ ကလေး Level မြင့်သွားတာကတော့ မျက်မှန်ပါဝါ တိုးသွားတာပါပဲ။ ဖုန်းကနေတဆင့် ဂိမ်းဆော့တတ်သွားတဲ့ကျောင်းသားကို မသွန်သင်နိုင်ခဲ့တာကိုလည်း အပြစ်မကင်းသလိုတောင် ကျွန်တော်ခံစားခဲ့ရပါတယ်။

ယနေ့ခေတ် ကျောင်းသားလေးတွေကျပြန်တော့ တဆင့်ထပ်တိုးပိုဆိုးလာတာကို တွေ့ရပါတယ်။ အရင်က အမြဲလိုလို တက်ကြွနေတဲ့ ကျောင်းသားဟာ မှုန်ကုပ်ကုပ်ဖြစ်လာတယ်။ စိတ်လည်း အလွယ်တကူတိုလာ တတ်ကြပါတယ်။ ဖုန်းလက်ဝယ်ရတာနဲ့ သူငယ်ချင်းအချင်းချင်း မက်ဆေ့တွေပို့ကြနဲ့၊ တချို့များဆိုရင် စာသင် ချိန်တောင် မက်ဆေ့ဝင်လာတဲ့အသံတွေ ကြားနေရရောလေ။ အတန်း တချိန်ဆင်းလို့ နောက်ဆရာတယောက် မ၀င်သေးရင် ဖုန်းကို ကလိနေကြတော့တာပါ။ ရည်မှန်းချက်ကြီးတယ်ဆိုတဲ့ကလေးတွေ ဘ၀မှာ စောစောစီး စီးနဲ့ အိမ်ထောင်ကျသွားတာတွေကိုမြင်နေရ၊ ကြားနေရပြန်တော့ အလိုလိုနှမြောနေမိပါတယ်။

အဆိုးရွားဆုံးလို့ ကျွန်တော်မြင်မိတာကတော့ ဖုန်းနဲ့ဂိမ်းဆော့တဲ့ အတွေ့အကြုံရင့်လာတဲ့အခါမှာ နောက်ဆုံးပေါ် COC (Clash of Clans) ကို ဆော့တဲ့အဆင့်ကို ရောက်လာကြတော့တာပါပဲ။ Internet ဖွင့်ပြီးဆော့ရတဲ့ စစ်တိုက်ဂိမ်းတမျိုးပါ။ တဖက်နဲ့တဖက် အုပ်စုဖွဲ့ပြီး တိုက်ကြတာကို Clan တိုက်တယ်လို့ ခေါ်ပါတယ်။ ဆော့နေကြတာကို မြင်နေရ၊ ကြားနေရပြန်တော့ လူ့စွမ်းအားတွေ ဖြုန်းတီးနေကြသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။ လက်ဖက်ရည်ဆိုင်မှာလည်း COC ၊ လမ်းထိပ်က အုတ်ခုံတွေမှာလည်း COC ၊ တက္ကသိုလ်ကျောင်းသားတွေကို မေးကြည့်တဲ့အခါ ကျောင်းမှာ လက်တွေ့ပိုင်း (Practical) ၀င်ရတဲ့ အချိန်ဆိုရင် အရမ်းကိုသရုပ်ပျက်ကြတယ်တဲ့။ ဖုန်းအားသွင်းဖို့ မီးပလပ်ပေါက်ကိုတောင်မှ အလုအယက် နေရာဦးနေကြတယ်တဲ့လေ။ စာကို စိတ်ပါလက်ပါနဲ့ သင်ယူကြရမှာထက် ၀တ်ကျေတန်းကျေဆိုရုံလေး သဘောထားကြပြီး လက်တွေ့ခန်းရဲ့အနောက်ဘက်မှာ မိန်းကလေးတွေကပါ ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းကြပြီးတော့ Clan တိုက်နေကြသတဲ့လေ။ ပညာသင်ယူဖို့သွားတဲ့ကျောင်းကို ဖုန်းအားသွင်း ကြိုးယူသွားတဲ့ ကျောင်းသားတွေပမာဏကိုကြည့်ရင် COC ကို တော်တော်စွဲလမ်းနေကြတယ်လို့ဆိုရင် လွန်မည်မထင်ပါ။ အလုပ်လုပ်နေကြသူ တချို့ဆိုပါလျှင် COC ကို ဆော့ရာမှာ ခုံမင်လွန်းကြရှာသည်ထင့်။ ညဘက် အိပ်ရေးပျက်ခံဆော့၊ နောက်တနေ့အလုပ်မှာ လန်းဆန်းမှုမရှိတော့။ လုပ်ငန်းခွင်မှာလည်း လစ်ရင် လစ်သလို ဂိမ်းကိုဆော့ကြရင်း အလုပ်တွင်အဆင်မပြေကြတော့ဘဲ နောက်ဆုံးတွင် အလုပ်ပါပြုတ်သည်အထိ ဖြစ်ကြရသည်တဲ့။ တချို့ဆို မျက်မှန်မတပ်သင့်ဘဲနဲ့ မျက်မှန်တပ်ကြရတော့တဲ့အထိ။ တချို့ကတော့ စစ်ရေး အမြင်ရှိအောင် ဆော့ကြတယ်လို့ ဆိုကြပြန်သေးတယ်။

၅ တန်း၊ ၆ တန်း ကျောင်းသားလေးတွေတောင်မှ စာသင်ချိန်နားလို့ အချင်းချင်းစကားပြောကြတဲ့အခါ COC ကိုပဲ အပ်ကြောင်းထပ်ကာ ပြောဆိုနေကြတော့တယ်။ စွဲစွဲလမ်းလမ်း ဆော့နေကြတဲ့အဆင့်ဟာ အလွယ် တကူရပ်လို့ကို မရနိုင်တော့တဲ့အထိပါပဲ။ တချို့ကလေးတွေဆိုရင် အိမ်အလုပ်တွေကိုတောင်မှ မယ်မယ်ရရ ၀ိုင်းကူမလုပ်ချင်ကြတော့တာပါ။ ခဏနေရင် ဖုန်းနဲ့အင်တာနက်ကလေး ဖွင့်လိုက်၊ ကစားတဲ့အခါမှာ အထောက် အကူရမယ့် Gem ဆိုတာမျိုး ရမလားကြည့်လိုက်နဲ့အချိန် ကောင်းတွေကို ဖြုန်းတီးနေကြတာပါ။ COC account ကို ပြန်ရောင်းစားလို့ရတယ်လို့ ပြောနေကြတဲ့သူတွေကိုတော့ အလေးအနက်ထားပြီးတွေးဖို့ ကျွန်တော်ပြော လိုက်ချင်ပါသေးတယ်။ ပြန်ရောင်းစားရင်ရမယ့် ငွေဟာ Internet သုံးလို့ ကုန်မယ့်ငွေထက်သာနေရင်တောင်မှ ကုန်ဆုံးသွားမယ့် အချိန်တွေ၊ ဘ၀အတွက် ကြိုးစားရမယ့်အချိန်တွေဟာ တက်သစ်စလူငယ် လေးတွေအတွက် ပြန်မရနိုင်တော့တဲ့ အကြီးမားဆုံးဆုံးရှုံးမှုပါပဲ။ နီးစပ်ရာ တပည့်လေးတွေကိုတော့ 'ဂိမ်းဆော့ရင်းနဲ့ဘ၀ပါတိမ်းပြီး တကယ်ပဲ ဂိမ်းသွားလိမ့်မယ်။ Clan တိုက်ရင်းနဲ့ ဘ၀မှာဆုတ်ယုတ်မှုတွေနဲ့အတူ ကာလနာတိုက်သွားလိမ့် မယ်'ဆိုတာကိုတော့ တွေ့တိုင်း၊ ကြုံတိုင်းမှာကြိုက် ကြိုက် မကြိုက်ကြိုက် ကျွန်တော့်ဘက်က ပြောနေဦးမှာပါ။ တချို့က COK (Clash of King), တချို့ကတော့ Virtual Villagers အစရှိတဲ့ ဂိမ်းတွေကို ဆော့နေကြရင်းနဲ့ အချိန်ဖြုန်းပွဲတော်ကို တက်တက်ကြွကြွ ဆင်နွှဲနေကြပါတော့တယ်။ တချို့အိမ်တွေမှာတော့ မိဘနဲ့သားသမီး အပြိုင်အဆိုင် ဂိမ်းဆော့နေကြတာမျိုးလည်း တွေ့ရပြန်ပါသေးတယ်။ တချို့က ဖုန်းနဲ့ Facebook တို့ Viber တို့ကို အလွန်အမင်းသုံး တတ်ကြပါတယ်။

မိမိသိထားတာလေးတွေကို Share လုပ်ကြတာမျိုး၊ သတင်းထူးလေးတွေကို အချင်းချင်းဖြန့်ဝေတာမျိုးအနေနဲ့ သုံးကြမယ်ဆိုရင်တော့ အလွန်ပင် အကျိုးရှိပါတယ်။ မသုံးရရင် မနေနိုင်အောင်ဖြစ်နေကြမယ်ဆိုရင်တော့ မိမိဟာ စက်ရဲ့ကျွန်၊ Facebook ကျွန် ဖြစ်မှန်းမသိ ဖြစ်နေပြီဆိုတာကိုတော့ သတိကပ်ကြစေချင်ပါတယ်။ ဖုန်းနဲ့ Online ကို အကျိုးမဲ့တလွဲသုံးနေကြမယ်ဆိုရင်တော့ သုံးနေရင်းနဲ့ ဘ၀ပါတုံးသွားနိုင်တယ်။ ပျက်စီးနေတယ်လို့ ကျွန်တော်မဆိုလိုပါ။ ကြိုးစားရမယ့် တက်သစ်စအရွယ်မှာ Online အသုံးများရင်းကနေ မရည်ရွယ်ဘဲ အိမ်ထောင်စောစောကျတတ်ပြီး ဘ၀မှာဖြစ်ချင်သလို မဖြစ်ကြတော့မှာကို ဆိုလိုတာပါ။ ဘ၀အတွက် ရည်မှန်း ချက်ကြီးမားတဲ့သူဆိုရင်တော့ သတိထားရှောင်ရှားကြစေချင်ပါတယ်။ မိဘတွေအနေနဲ့ကလည်း မိမိရဲ့ကလေး ဖုန်းကို အလွန်အမင်းသုံးနေပြီးမသုံးရရင် မနေနိုင်တော့အဆင့်ကိုရောက်၊ မရောက်ကိုတော့ အကဲခတ်ကြည့် စေချင်ပါတယ်။ အလွန်အမင်းဖုန်းသုံးစွဲနေပြီဆိုရင်တော့ ဖုန်းသုံးတာကို လျော့ပါးအောင် နည်းလမ်းရှာဖွေရပါ မယ်။ ဥပမာ Phone bill ကို အလွန်အမင်းဖြည့်ပေးခြင်းကို လျှော့ချပေးရပါမည်။ နောက်ထပ်နည်းလမ်းတခုမှာ ညခုနစ်နာရီထိုးပါက အိမ်ရှိစင်မြင့် တခုပေါ်မှာ ဖုန်းကိုတင်ထားခိုင်းတဲ့ နည်းလမ်းမျိုးပါ။ ဖုန်းသုံးစွဲတာကို လျော့ပါးအောင် လုပ်နိုင်လာပါလျှင် မိမိကလေး ညအချိန်လွန် Online သုံးစွဲတာ၊ COC ကစားတာကို ထိန်းချုပ်လာနိုင်ပါလိမ့်မည်။ ကျောင်းသားသည်လည်း ယခင်ကထက် အိပ်ချိန်ပိုမိုရရှိပြီး နောက်တနေ့တွင် ကျောင်းသင်ခန်းစာများကို လန်းဆန်းတက်ကြွစွာဖြင့် သင်ယူဆည်းပူးခြင်းအလုပ်ကို စွဲစွဲမြဲမြဲ လုပ်နိုင်လာပါလိမ့်မည်။ စိတ်နှင့်ကိုယ် ပြန်လည်ကပ်နိုင်လာပါတော့မည်။

ကျွန်တော် လက်ရှိ စာသင်နေရသော အိမ်တအိမ်မှာတော့ ကလေးကို အမှတ်များများနဲ့ အောင်စေချင်သည်။ အကြံဥာဏ်ပေးရန် မိဘများက ဆိုလာပါသည်။ ကျွန်တော်က ကျောင်းသားကို ဂုဏ်ထူးထွက်စေချင်ပါက ဖုန်းပြောင်းပြီး သုံးစွဲတာကို လျှော့ခိုင်းစေချင်သည်ဟု အရဲကိုးကာ ပြောလိုက်ရတော့သည်။ ပြောပြီး နောက်နေ့မှစကာ မိဘများက ကျောင်းသားကို ခလုတ်နှိပ်ဖုန်း (Keypad) ကို ပြောင်းလဲသုံးခိုင်းလိုက်ပါသည်။ ကလေးမှာ သုံးရက်၊ လေးရက်လောက်အထိ ဆော့နေကြအချိန်တွေမှာ စိတ်ထဲတွင် ကလိကလိနှင့် တော်တော့်ကို နေရခက်ပါသည်တဲ့။ နောက်ပိုင်း မဆော့ဘဲနေတာ နေသားတကျဖြစ်လာတော့မှ စာလုပ်ရာတွင် တော်တော်တွင် ကျယ်လာပါသည်တဲ့လေ။ ထူးထူးခြားခြား ၀မ်းမြောက်စွာ ခံစားမိပါသည်။ ယင်းမိဘများကဲ့သို့ ပင် မိဘတိုင်းကို ဖြစ်သင့်သည်ကို အလေးထားကာ ကျောင်းသားရှေ့ရေးကို အတည့်တွေးမြင်တတ်စေချင် ပါသည်။ ဂိမ်းအလွန်ကစားတတ်သော ကျောင်းသားတဦးအိမ်ကို မကြာသေးမီကပင် လမ်းကြုံဝင်လည်မိပါသေး တယ်။ ကလေးကဆယ်တန်းအောင်ထားပြီးတော့ အပြင်ကျောင်းတခုမှာ တက်နေတာပါ။ မိဘများကတော့ အိမ် အပေါ်ထပ်မှာ သားလေးစာလုပ်နေပါသည်တဲ့။ အိမ်ပေါ်ကိုတက်ကြည့်လိုက်သည့်အခါမှာ ဆရာ့ကိုမြင်တဲ့ ကလေးဟာ မျက်စိမျက်နှာကို ပျက်နေပါလေ ရော။ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ကွန်ပျူတာကို သွားကြည့်မိတော့မှ (Dota) ခုတ်လက်စဖြစ်နေလေရဲ့။ ကျွန်တော်က ကလေးကို 'မင်းငယ်ငယ်လေးထဲက ဆော့လာခဲ့တဲ့ ဂိမ်းကို ခုထိတောင် မရိုးနိုင်ဘဲ ဆော့တတ်တုန်းနော်'လို့ ပြောလိုက်မိတယ်။ ကလေးက 'ဆရာလည်း ငယ်ငယ်ကတည်း က စားခဲ့တဲ့ထမင်းကို ခုထိမရိုးနိုင်အောင် စားနေတုန်းပဲ'လေတဲ့။ အရင်က စာအလွန်တော်ခဲ့တဲ့ ကလေးဟာ ထမင်းစားတာတို့၊ အိပ်စက်တာတို့ဆိုတာ ဇီဝလိုအပ်ချက် (biological need) ဖြစ်တယ်ဆိုတာကိုတောင် မသုံးသပ်နိုင်တော့တဲ့အဖြစ်ရဲ့ တရားခံဟာ ဂိမ်းကြောင့်လို့ပဲဟု ကျွန်တော်ယူဆလိုက်မိပါတော့တယ်။

အခြားသော၊ အခြားသော ကျောင်းသားမိဘတိုင်းကိုလည်း မိမိတို့ရင်သွေး ကျောင်းသားငယ်လေးများကို စည်းကမ်းတကျဖြစ်သော၊ နည်းလမ်းမှန်ကန်စွာဖြစ်သော၊ တည့်မတ်လျော်ကန်သော အနာဂတ်ကို မျှော် ရည်ကာ ကောင်းမွန်စွာ နည်းပေးလမ်းပြကာ လမ်းဖွင့်ပေးနိုင်ကြသော စသော စသော 'သော'ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြသော မိဘများ ဖြစ်ကြစေလိုကြောင်းကို 'လက်ဦးဆရာ၊ မည်ထိုက်စွာသား ပုဗ္ဗာစရိယ၊ မိနှင့်ဘ'ဟူသောစကားဖြင့်သာ ဤဆောင်းပါးကို အဆုံးသတ်လိုက်ရပါတော့သည်။

ဖိုးထက်ဖေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ