အာနန္ဒာဘုရားပွဲတော်သို့ ကျေးရွာများမှ ရိုးရာမပျက် ပေါင်းမိုးလှည်းများဖြင့် ဘုရားဖူးလာရောက်လျက်ရှိ


ညောင်ဦး ဇန်နဝါရီ ၂၃

ပုဂံယဉ်ကျေးမှုနယ်မြေဒေသတွင် ကျန်စစ်သားမင်းကြီး၏ ကောင်းမှုတော် အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ပြာသိုလတွင် ကျင်းပမြဲဖြစ်ရာ ယခုနှစ်တွင်လည်း ယခင်နှစ် များနည်းတူ ပွဲဈေးတန်းများခင်းကျင်း၍ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ညောင်ဦး(ပုဂံ) မြို့နယ်အတွင်းရှိကျေးရွာများမှ ပြည်သူများသည် အဆိုပါ ဘုရားပွဲတော်သို့ ရိုးရာအစဉ်အလာမပျက် ပေါင်းမိုးလှည်းများဖြင့် လာရောက်၍ ဘုရားကြီးအနီးကွင်းပြင်များ၌ ယာယီရွက်ဖျင်တဲများထိုး၍ မိသားစုအလိုက် ချက်ပြုတ်စားသောက်ကာ ညအိပ်နေထိုင်လျက်ရှိကြသည်။

''ကျွန်တော်တို့က ညောင်ဦးမြို့နယ် မြေသင်းတွင်းကျေးရွာကနေ ပေါင်းမိုးလှည်းတွေနဲ့အဖွဲ့လိုက် ဘုရားဖူးလာကြတာပါ။ တစ်ရွာလုံးနီးပါးလာကြပါတယ်။ လူကြီးတွေလောက်ပဲအိမ်စောင့် ကျန်ခဲ့တယ်။ ရွာကနေ လဆန်း ၁ဝ ရက်နေ့က ထွက်လာခဲ့ကြပါတယ်။ ဒီလို ပေါင်းမိုးလှည်းတွေနဲ့လာတာက ဟိုအရင် ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်ကတည်းကဆိုတော့ ကျွန်တော်တို့လည်း အစဉ်အလာမပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ နှစ်တိုင်းလာဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ တစ်နှစ်ပတ်လုံး ပင်ပန်းသမျှ အပန်းလည်းဖြေရင်း ဘုရားလည်းဖူးရင်းပေါ့။ ပြီးတော့ ပွဲဈေးမှာ တောင်သူအသုံးအဆောင်တွေဖြစ်တဲ့ ဖျာ၊ တောင်းပလုံး၊ သံတူးရွင်း၊ ဓားမ၊ ခက်ရင်း၊ ပေါင်းစဉ်းဓား၊ ကလေးတွေအတွက်ဆို အင်္ကျီ၊ ပုဆိုး၊ စောင်၊ ခြင်ထောင်စတာတွေဝယ်ကြပါတယ်။လူလတ်ပိုင်းတွေကတော့ ဘုရားဖူးလျှောက်လည်ကြ၊ ညအချိန်ဇာတ်ပွဲကြည့်ကြနဲ့ အသက်ကြီးပိုင်းကတော့ လှည်းစောင့်နွားစောင့်ရင်း ရွက်ဖျင်တဲမှာကျန်နေခဲ့တယ်။ လပြည့်နေ့မှာမြေပဲ၊ ပဲဆီ၊ ဆွမ်းဆန်စိမ်းစတဲ့ ရွာကဒေသထွက်လေးတွေနဲ့ ဘုရားကြီးကိုဦးခိုက်ပြီး သပိတ်လုံးဆက်ကပ်ပြီးရင်တော့ နံနက် ၁ဝ နာရီလောက် ပြန်ကြမှာပါ''ဟု မြေသင်းတွင်းကျေးရွာ ပေါင်းမိုးလှည်းအဖွဲ့မှ ရွာသားတစ်ဦးက ပြောပြသည်။

အဆိုပါ ဘုရားပွဲတော်သို့ ရှေးယခင်လမ်းပန်းဆက်သွယ်ရေး မကောင်းစဉ် ကျေးရွာနေပြည်သူများသည် ပေါင်းမိုးလှည်းများနှင့် နှစ်စဉ်လာရောက်ခဲ့ရာမှ ရိုးရာဓလေ့တစ်ခုကဲ့သို့ ဖြစ်သွားခဲ့ကြောင်း၊ ယခုခေတ် လမ်းပန်းဆက်သွယ် ရေးများကောင်းမွန်လာခြင်း၊ ကျေးရွာများတွင် ကား၊ ဆိုင်ကယ်များပေါများလာခြင်းတို့နှင့်အတူ ယင်းပေါင်းမိုးလှည်းနှင့် လာရောက်ဘုရားဖူးသည့် ဓလေ့ ပပျောက်သွားမည်ကို စိုးရိမ်နေလျက်ရှိကြောင်း၊ ယင်းပေါင်းမိုးလှည်းများဖြင့် တစုတဝေးတည်း စီတန်းလာကြခြင်း၊ ရွက်ဖျင်တဲများထိုးကာ မိသားစုများအလိုက် ချက်ပြုတ်စားသောက်နေထိုင်သည့် ရိုးရာလူနေမှုပုံစံများအား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကလည်း စိတ်ဝင်တစား လာရောက်လေ့လာ၍ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်းများ ပြုလုပ်လျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းသင့်သည့် ရိုးရာဓလေ့တစ်ခု ဖြစ်လာပြီဖြစ်ကြောင်း သုံးသပ်ပြောကြားလျက်ရှိသည်။

ရဲသူရအောင် (ညောင်ဦး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အာနန္ဒာဘုရားပွဲတော်သို့ ကျေးရွာများမှ ရိုးရာမပျက် ပေါင်းမိုးလှည်းများဖြင့် ဘုရားဖူးလာရောက်လျက်ရှိ   အာနန္ဒာဘုရားပွဲတော်သို့ ကျေးရွာများမှ ရိုးရာမပျက် ပေါင်းမိုးလှည်းများဖြင့် ဘုရားဖူးလာရောက်လျက်ရှိ Reviewed by THITHTOOLWIN on 06:28 Rating: 5
Powered by Blogger.