ဖားကန့်ဒေသ၌ ရေမဆေးကျောက် လုပ်သား ၁၀၀ ခန့် အလုပ် လုပ်နေချိန် စွန့်ပစ်မြေဇာပုံ နှစ်ပုံ ပြိုကျ

ဇန်နဝါရီ ၂၅ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေဇာပုံ ပြိုကျနေသည့်မြင်ကွင်း (ဓာတ်ပုံ- MOI)
    ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု အနီးတွင် ရေမဆေးကျောက် ရှာဖွေနေသော လုပ်သား ၁၀၀ ခန့် အလုပ် လုပ်နေချိန်၌ စွန့်ပစ် မြေဇာပုံ နှစ်ပုံဆက်တိုက် ပြိုကျခဲ့ကြာင်း ဖားကန့်တွင် မြေဇာပုံ ပြိုကျရာ၌ ကယ်ဆယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

ဆိပ်မူ (ဆိုင်းတောင် ) ကျေးရွာအုပ်စု ဥရုချောင်း အနောက်ဘက်ကမ်းရှိ ဆွတ်အောင်ကျေးရွာနှင့် ရှမ်းစုကျေးရွာကြားရှိ တစ်သုံးလုံး ကုမ္မဏီစွန့်ပစ်မြေဇာပုံသည် ဇန်နဝါရီလ ၂၅ ရက် ညနေ ၃ နာရီ ရေမဆေးကျောက် လုပ်သားများ အလုပ်လုပ်ကိုင်နေချိန် ပြိုကျခဲ့ကြောင်း အဆိုပါ မြေဇာပုံပြိုကျရာမှ လွတ်မြောက်လာသူ တစ်ဦးက ပြောကြားသည်။

“ မြေဇာက နှစ်ပုံပြိုသလိုဖြစ်သွားတာဗျ ။ တစ်သုံးလုံးကမြေဇာက ပြိုကျပြီး အောင်ဟိန်းမင်း မြေဇာပုံကို ခါးဖြတ်ရိုက်သလိုဖြစ်ပြီး အောင်ဟိန်းမင်းမြေဇာပုံလည်း ထပ်ပြိုကျပြီး နှစ်ပုံပေါင်း လူတစ်ရာလောက်ပါနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်း မြေဇာပုံပြိုကျမှုကို ကယ်ဆယ်ရေးပြုလုပ်ရာ၌  အလောင်း သုံးလောင်း ရှာဖွေတွေ့ရှိရကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ မြေဇာပုံပြိုကျမှုကြောင့် လူသေဆုံးမှုနှင့် ပျောက်ဆုံးစာရင်းကို ဖားကန့်ဒေသ အာဏာပိုင်များထံ အတည်ပြုရာတွင် ဖားကန့်ရဲစခန်းက အရာရှိတစ်ဦးက “ အလုပ်လုပ်ချိန်ကြီး ပြိုကျတယ်ဆိုတာ သိရတယ်၊ ကယ်ဆယ်ရေးတွေလည်း လုပ်နေတယ်၊ အသေအပျောက် သေချာပြောလို့မရသေးဘူး”ဟု ပြောသည်။

ဖားကန့်ဒေသ၌ စက်ယန္တရားကြီးများသုံးပြီး ကျောက်တူးနေသည့် ကျောက်တူးဖော်ရေး လုပ်ငန်းများက စွန့်ပစ်ထားသည့် မြေစာပုံပြိုကျမှုသည် ၂၀၁၅ ခုနှစ်အတွင်း ၉ ကြိမ်ရှိပြီး လူ၂၀၀ ခန့် သေဆုံးခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဖားကန့်ဒေသ၌ ရေမဆေးကျောက် လုပ်သား ၁၀၀ ခန့် အလုပ် လုပ်နေချိန် စွန့်ပစ်မြေဇာပုံ နှစ်ပုံ ပြိုကျ  ဖားကန့်ဒေသ၌ ရေမဆေးကျောက် လုပ်သား ၁၀၀ ခန့် အလုပ် လုပ်နေချိန် စွန့်ပစ်မြေဇာပုံ နှစ်ပုံ ပြိုကျ Reviewed by THITHTOOLWIN on 12:00 Rating: 5
Powered by Blogger.