နှစ်ကူးပွဲတော်ကာလ အုပ်စုဖွဲ့ လိင်စော်ကားမှုများကို ဂျာမနီအစိုးရ ရှုတ်ချ


ကိုလုံး ၊ ၆-၁-၂၀၁၆

ဂျာမနီနိုင်ငံ အနောက်ပိုင်း ကိုလုံးမြို့၌ နှစ်သစ်ကူးပွဲတော် ကာလအတွင်း အမျိုးသမီးများ အပေါ် အုပ်စုဖွဲ့၍ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အများအပြား ဖြစ်ပွားခဲ့သဖြင့် ဂျာမနီအစိုးရက ယမန်နေ့တွင် ဝေဖန် ရှုတ်ချခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။

နှစ်သစ်ကူး ပွဲတော်ကာလ အတွင်း အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အရ အုပ်စုဖွဲ့ စော်ကားခဲ့သူ များမှာ အာရပ် အမျိုးသားများ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိရာ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူ ဆန့်ကျင်ရေး စိတ်ဖြင့် ပြစ်တင်ပုံချမှုမျိုး မပြုလုပ်ကြရန် ဂျာမနီအစိုးရက သတိပေး ထားသည်။

ကိုလုံးမြို့တော် နှစ်သစ်ကူး ပွဲတော်အတွင်း အမျိုးသမီးများကို တို့ထိ စော်ကားမှုမှသည် အလိုမတူဘဲ အဓမ္မကျင့်ကြံမှုထိ ပါဝင်သော လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ဖြစ်ပွားခဲ့သဖြင့် ယင်း ဖြစ်စဉ်များကို ထိထိ ရောက်ရောက် စုံစမ်းဖော်ထုတ်၍ ဂျာမနီအစိုးရ တရားရေး ဝန်ကြီးဌာန ဝန်ကြီးက တာဝန်ရှိသူ များကို ပြောကြားခဲ့သည်။

နှစ်သစ်ကူးပွဲတော် ကာလအတွင်း ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု များနှင့် ပတ်သက်၍ ယနေ့ထိ တိုင်တန်းမှုပေါင်း ၉ဝ ကျော် ရှိခဲ့ကြောင်း ကိုလုံးမြို့တော် ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ကိုလုံးမြို့ မီးရထား ဘူတာရုံရင်ပြင် တွင် ကျင်းပခဲ့သည့် နှစ်သစ်ကူး ပွဲတော်တွင် အာရပ် နွယ်ဖွားများ ဖြစ်ဟန်တူသည့် အသက် ၂ဝ နှင့် ၃ဝ ကြား အမျိုးသား အုပ်စုက အမျိုးသမီးများကို အုပ်စုဖြင့် ဝိုင်းကာ အနိုင်ကျင့် စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ တချို့က ပြောကြားခဲ့သည်။

သို့သော် ကိုလုံးမြို့၌ အုပ်စုဖွဲ့ လိင်စော်ကားမှု ဖြစ်စဉ်များထဲတွင် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူများ ပါဝင်မှု ရှိ၊ မရှိ စိစစ်ဖော်ထုတ် နေဆဲဖြစ်ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com
နှစ်ကူးပွဲတော်ကာလ အုပ်စုဖွဲ့ လိင်စော်ကားမှုများကို ဂျာမနီအစိုးရ ရှုတ်ချ  နှစ်ကူးပွဲတော်ကာလ အုပ်စုဖွဲ့ လိင်စော်ကားမှုများကို ဂျာမနီအစိုးရ ရှုတ်ချ Reviewed by THITHTOOLWIN on 11:46 Rating: 5
Powered by Blogger.