ရွေးကောက်ပွဲစရိတ် မတင်သူတွေ ခုံဖွဲ့ စစ်ဆေးမည်


ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဒီလ ၂၁ ရက်နေ့ မနက်ပိုင်းကျရင် ခုံဖွဲ့ စစ်ဆေးသွားမယ်လို့   ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ငွေစာရင်း မတင်ထားတဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၅ ဦးရှိနေပြီးတော့ သူတို့ကို စစ်မေးတဲ့အခါမှာ ခိုင်လုံတဲ့ သက်သေမပြနိုင်ရင် အရည်အချင်း ပျက်ယွင်းတယ်လို့ ကြေညာခြင်း ခံရမှာလည်း ဖြစ်ပြီး လာမယ့် လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခွင့်ရမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ထောင်ကျော်ရှိတဲ့အထဲမှာ ၁၇၅ ဦးဟာ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်ထားခြင်း မရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို ကြေညာတဲ့နေက စပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်း ပုံစံ ၂၀ နဲ့ တင်သွင်းရမယ်လို့   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြောညာထားပါတယ်။ ဒီငွေစာရင်း မတင်ပဲ ပျက်ကွက်တဲ့ သူတွေကိုဒီလ ၂၁ ရက်နေ့မှာ ခုံဖွဲ့ စစ်ဆေး သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦး က ဗွီအိုအေကို ပြောပါတယ်။

“၂၁ ရက်နေ့ ၁၀ နာရီမှာ စစစ်မယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ပျက်တာက ၁၇၅ ဦး သူတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ၃၂ ဦး”

ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီက လွဲပြီး ကျန်တိုင်းနဲ့   ပြည်နယ်အားလုံးမှာ ငွေစာရင်း မတင်ပဲ ပျက်ကွက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ငွေစာရင်း ပျက်ကွက်တဲ့ ကိုယ်စားလှယ်တွေ အရည်အချင်း ပျက်ကွက်ခြင်း ရှိမရှိဆုံးဖြတ်ထားတဲ့ အစီရင်ခံစာ တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမှာ ဖြစ်ပြီးတော့ ဒီအစီရင်ခံစာအပေါ်မှာ မူတည်ပြီးတော့   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီငွေစာရင်း တတ်ဖို့ ပျက်ယွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းတယ်လို့ သတ်မှတ်ကြေညာခြင်း ခံရမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးညွှန့်တင်က အခုလို ပြောပါတယ်။

“ပျက်ကွက်တဲ့လူတွေကို အခုအမှုဖွင့်ပြီးတော့ အရည်အချင်းပျက်ယွင်းတယ်လို့ ကြေညာခြင်း ခံရမှာပေါ့နော်။ အဲဒီလို သက်မှတ်ခြင်းခံလို့ရှိရင် ဒီရွေးကောက်ပွဲ အထွေထွေရွေးကောက်ပွဲ သက်တမ်းတခုပေါ့ ကြားဖြတ်တွေပေါ်လာရင်းနဲ့ သူအရွေးခံလို့မရဘူးပေါ့ကွာ။”

ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် သိန်းတစ်ရာ သုံးစွဲခွင့် ပြုထားပြီး ကုန်ကျစရိတ် တင်သွင်းရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ် ထားတာပါ။ ဒါပေမဲ့လည်း ရွေးကောက်ပွဲပြီးတဲ့အခါမှာ ကုန်ကျစရိတ်တင်သွင်းတဲ့သူ နည်းနေသေးတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ရက်အတိုင်း ကုန်ကျစရိတ် တင်သွင်းဖို့အတွက် ကိုယ်စားလှယ်လောင်းတွေကို နိုဝင်ဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ ရည်မှန်းချက်ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ ငွေစာရင်း မဖြစ်မနေ ရှင်းလင်းသင့်တယ်လို့ နိုင်ငံရေး သုံးသပ်တဲ့သူတွေက ရှု့မြင်ကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိ ကုန်ကျစရိတ် မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေကြောင့် နိုင်ငံရေးမှာ ထူးထူးခြားခြား ရိုက်ခတ်နိုင်စရာ မရှိဘူးလို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“ကျနော်မြင်တာကတော့ သိပ်ပြီးတော့ ကြီးကြီးမားမား ရိုက်ခတ်မှုတော့ ဖြစ်နိုင်မယ်မထင်ဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ်စားလှယ်အားလုံး ၆၀၀၀ လောက် ပြိုင်တဲ့အထဲမှာ ၁၀၀ ကျော်လောက်ဆိုတော့ ရာခိုင်နှုန်းအားဖြင့်ပြောမယ်ဆိုရင် သူက သိပ်အများကြီးမရှိဘူးလို့ပြောလို့ရတယ်လေ။ အဲဒီအခါကျတော့ ဥပဒေနဲ့အညီဒီလို ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းဖို့ပျက်ကွက်တဲ့လူတွေကတော့ ကာလတခုအထိ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ကို ကန့်သတ်ခံရမှာပဲလို့ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ် ခင်ဗျာ။”

လက်ရှိ ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်ဘဲ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ရန်ကုန်တိုင်းက ၃၄ ဦးရှိနေပြီး တစ်နိုင်ငံလုံးမှာ အများဆုံးလည်းဖြစ်ပါတယ်။ဒါ့အပြင် ရှမ်းပြည်နယ်မှာ ၂၇ ဦး၊ ကချင်ပြည်နယ်မှာ ၂၅ ဦး၊ ရခိုင်ပြည်နယ် မှာ ၃ ဦး၊ မွန်ပြည်နယ်မှာ ငါးဦး၊ ချင်းပြည်နယ်နဲံ့ စစ်ကိုင်းတိုင်းတို့မှာ တစ်ဦးစီအပါအ၀င် ဧရာဝတီတိုင်းမှာ ၂၀ ဦး၊ မန္တလေးတိုင်းမှာ၁၇ ဦး၊ မကွေးတိုင်းမှာ ၆ ဦး၊ တနင်္သာရီတိုင်းမှာ ခုနစ်ဦးနဲ့ ပဲခူးမှာ ၆ ဦး ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပေမဲ့ ဘယ်နိုင်ငံရေး ပါတီတွေကလည်း ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရွေးကောက်ပွဲစရိတ် မတင်သူတွေ ခုံဖွဲ့ စစ်ဆေးမည်  ရွေးကောက်ပွဲစရိတ် မတင်သူတွေ ခုံဖွဲ့ စစ်ဆေးမည် Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.