အာဏာလွဲပြောင်းရေးနှင့် ပက်သက်၍ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဟု သမ္မတ ထပ်မံကတိပြု


 လက်ရှိအစိုးရ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီအား အာဏာ လွှဲပြောင်းရေးနှင့် ပက်သက်၍ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတက ယနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ တွင် ထပ်မံကတိပြု ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် လက်ရှိအစိုးရ အနေဖြင့် ဇန်န၀ါရီလ ၂၈ ရက်နေ့ (ယနေ့) ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဏာလွှဲပြောင်းရေး ကိစ္စရပ်များနှင့် ပက်သက်၍ အဆင်ပြေစွာ ချောမောစွာ ဆောင်ရွက်နိုင်ရန် နှင့် ၅ နှစ်တာ ကာလအတွင်း အစိုးရမှ ဆောင်ရွက်ခဲ့သည့် အခြေအနေများအား လွှတ်တော်တွင် လာရောက် ပြောဆိုရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဏာလွှဲပြောင်းရေးကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ် ။၂၀၁၅ ရွေးကောက်ပွဲကနေ ဘယ်ပါတီပဲ နိုင်နိုင် ဒီမိုကရေစီ အစခရီး ဖြစ်တဲ့ ၂၀၁၀ ပြည့်နှစ်မှာရှိနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်ကို ရရှိစေဖို့အတွက် အခြေခံကောင်းများ တည်ဆောက်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ယင်းအပြင် ပြုပြင်ပြောင်းလဲရေး အသွင်ကူးပြောင်းရေး အဆင်ပြေ ချောမွေ့စေရေးမှာ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲတွင် ပြန်လည် အနိုင်ရရှိရေး၊ မိမိကိုယ်တိုင် သမ္မတအဖြစ် ပြန်လည် ရွေးချယ်ခံရရေး တို့ထက် အရေးပါကြောင်း ဦးသိန်းစိန်က ပြောဆိုသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအဖြစ် ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုတွေ ရရှိခဲ့သော်လည်း အခက်အခဲများ၊ အားနည်းချက်များ၊ စိန်ခေါ်မှုများ များစွာရှိခဲ့ကြောင်း ကျွန်တော်တို့ အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ရပ်တန့်မသွားစေရန် သဟဇာတဖြစ်အောင် ဖြေရှင်းခဲ့ရကြောင်း ၄င်းက ဆက်လက်ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြည်ထောင်စု လွှတ်တော်တွင် သမ္မတရာထူး စတင်ထမ်းဆောင်စဉ်က နှစ်ကြိမ် မိန့်ခွန်းပြောကြားခဲ့ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက် ဖြစ်သည်။ သမ္မတသည် ရာထူးမှ အနားယူပါက ပြည်ခိုင်ဖြိုးပါတီကို ဆက်လက် ဦးဆောင်သွားမည် ဖြစ်ကြောင်း ယမန်နေ့က ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သတင်း - မျိုးမင်းပိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies
အာဏာလွဲပြောင်းရေးနှင့် ပက်သက်၍ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဟု သမ္မတ ထပ်မံကတိပြု  အာဏာလွဲပြောင်းရေးနှင့် ပက်သက်၍ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဟု သမ္မတ ထပ်မံကတိပြု Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.