ပျော်ဘွယ်မြို့တွင် ရဲတပ်ဖွဲ့ဝင်ငါးဦးက ဆိုင်ကယ်စီးလာသူအား ကျင်စက်ဖြင့်တို့၍ ရိုက်နှက်သည်ဟု တိုင်ကြားခံရ


 မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့လယ်ရှိ နာရီစင်အနီးတွင် ဆိုင်ကယ်စီးနင်း လာသူအား ပျော်ဘွယ်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်ငါးဦးက ကျင်စက်ဖြင့်တို့ပြီး ရိုက်သည်ဟုဆိုကာ နေပြည်တော် ရဲချုပ်ရုံး၊ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် ပျော်ဘွယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။

ပျော်ဘွယ်မြို့သစ်ရပ်မှ ကိုရဲညီညီထွေးနှင့် ကိုကျော်ထက်မြတ်တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီခန့်က ဆိုင်ကယ်စီးနင်းလာစဉ် ပျော်ဘွယ်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်ငါးဦးက ကျင်စက်ဖြင့် တို့ပြီး ရိုက်နှက်ခဲ့သည်ဟုဆိုကာ ဇန်နဝါရီလ ၅ ရက်တွင် တိုင်ကြားစာပေးပို့ခဲ့ကြောင်း ကိုရဲညီညီထွေးထံမှ သိရသည်။

“ရဲကမေးတယ်။ မင်းဘာဖြစ်တာတုံး ဆိုတော့ ကျွန်တော်က ဘာမှမဖြစ်ပါဘူး။ အစ်ကို ရဲဆိုတာလည်း ကျွန်တော်သိတယ်။ အဲဒီလိုပြောပြီး ပြန်အလှည့်မှာ ကျွန်တော့်ကို ကျင်စက်နဲ့တို့တယ်။ ရဲကို အာခံတယ်ဆိုပြီး အကုန် ဝိုင်းရိုက်ကြတယ်။ ရှေ့ကရိုက်တာက နှစ်ယောက်။ နောက်ကနေပြီး ကန်တဲ့လူလည်း ရှိတယ်။
မှတ်မိတာ နှစ်ယောက်ပါတယ်”ဟု ကိုရဲညီညီထွေးက ပြောသည်။

လက်ရှိတွင် ကိုရဲညီညီထွေးသည် ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီ ၆ ရက်ထိ ဆေးကုသမှုခံ နေကြောင်း သိရသည်။

ယင်းအမှုအား အရိုက်ခံရသူ၏ မိသားစုများက ပျော်ဘွယ်မြို့နယ်ရဲစခန်းတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၁၀ နာရီခန့်က တိုင်ကြားခဲ့သော်လည်း စခန်းမှူးက အမှုမဖွင့်ပေးနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု အရိုက်ခံရသူ၏ အစ်မဖြစ်သူ မဆွေဆွေဦးထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ပျော်ဘွယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဇန်နဝါရီ ၆ ရက် နေ့လယ် ၁း၃၀ နာရီခန့်နှင့် ညနေ ၄း၃၀ နာရီခန့်တို့တွင် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားမည့် ရဲအရာရှိ မရှိသဖြင့် ပြန်လည် ဖြေကြားပေးနိုင်ခဲ့ခြင်း မရှိပေ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies/
ပျော်ဘွယ်မြို့တွင် ရဲတပ်ဖွဲ့ဝင်ငါးဦးက ဆိုင်ကယ်စီးလာသူအား ကျင်စက်ဖြင့်တို့၍ ရိုက်နှက်သည်ဟု တိုင်ကြားခံရ  ပျော်ဘွယ်မြို့တွင် ရဲတပ်ဖွဲ့ဝင်ငါးဦးက ဆိုင်ကယ်စီးလာသူအား ကျင်စက်ဖြင့်တို့၍ ရိုက်နှက်သည်ဟု တိုင်ကြားခံရ Reviewed by THITHTOOLWIN on 12:24 Rating: 5
Powered by Blogger.