မင်္ဂလာဈေးမီးလောင်သွားသောလည်း ဆိုင်ပိုင်ရှင်များကဝန်ထမ်းလျော့ချခြင်းမလုပ်ဟုဆို


မင်္ဂလာဈေး မီးလောင် သွားသောကြောင့် မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ လမ်းသွယ်များတွင် ကြုံသလို ကားပါကင်ထိုး ရောင်းချနေရသော်လည်း ဝန်ထမ်းများကို လျော့ကျလိုက်ခြင်း သိပ်မရှိကြောင်း မင်္ဂလာဈေးရှိဈေးသူ ဈေးသားထံမှ သိရသည်။
"ဝန်ထမ်းတွေကိုတော့ ဆိုင်တော်တော်များများက လျော့တာတော့မရှိပါဘူး။ ကိုယ့်ဝန်ထမ်းတွေကို ကိုယ်ချင်းစာတဲ့သဘောနဲ့လေ။ သူတို့ဒုက္ခရောက်မှာ ဆိုးလို့မလျော့တာပါ။ ကျွန်မတို့ဆီမှာ ဆိုရင် ပိတ်ထားတဲ့ ရက်တွေကိုတောင် ဝန်းထမ်းလစာ မပျက်ဘူး"ဟု မင်္ဂလာဈေးရှိ လောကချမ်းသာ ဆေးဆိုင်ပိုင်ရှင် မမီမီးကပြောသည်။
အဆိုပါ ဈေးသူဈေးသားများ ရောင်းချရာနေရာသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ၁၃၅၊၁၃၆၊၁၃၇လမ်းများ အတွင်းတွင်ဖြစ်ပြီး ဇန်နဝါရီ(၁၀)ရက်က စတင်ရောင်းချခြင်း ဖြစ်သည်။


ဈေးရောင်းချရမှု အခက်အခဲနှင့် ပတ်သက်ပြီး "ဟိုတစ်နေ့က စည်ပင်ကလာပြီးနောက်မှာ တိုက်ခန်းပိုင်ရှိလားမရှိရင် ဒီနေရာမှာ ကားနဲ့ထိုးရောင်းခွင့် မရှိဘူးလို့ပြောတယ်။ အကုန်လုံးဈေးက လူတွေက ဒီလောက်တောင် ဒုက္ခရောက်နေတာပဲ ဘာလုပ်ချင်လဲ ဘာညာနဲ့ပြောတော့မှ နောက်နေ့တွေ လာမပြောတော့တာ။ ကိုယ်လိုချင်တဲ့ ပစ္စည်းတိုင်းတော့ မပေးနိုင်ဘူး ကုန်သည်တွေကို။ အရောင်းအဝယ်ကလည်း အရင်လောက်တော့အဆင်မပြေဘူး။ နေရာအခြေအနေကတော့ သူများအိမ်ရှေ့မှာ ကားတွေထိုးပြီး ရောင်းနေရတယ်။ ကိုယ်ခင်း ချင်သလောက် ခင်းလို့မရဘူး။ ပစ္စည်းကလည်း ရှိသလောက် ယူလာလို့မရဘူး။ ကားတစ်စီးစာနေရာလောက်နဲ့ပဲ ရောင်းနေရတယ်။ ဒါပေမယ့် ယာယီဈေးနေရာတွေ ပေးရင်တော့ ပြန်အဆင်ပြေလာမှာပေါ့" ဟုလောကချမ်းသာ ဆေးဆိုင်ပိုင်ရှင် မမီးမီးကပြောသည်။

မင်္ဂလာဈေး မီးလောင်သွားသောကြောင့် ဆိုင်ခန်းနေရာကို ရွှေမင်္ဂလာဈေးသစ်ကြီးရှိ ကားပါကင်နေရာတွင်ယခုလ၂၀ရက်ကျော် နောက်ပိုင်း၌ နေရာပြန်ချပေးမည်ဟု သတင်းများကြားနေရသော်လည်း တိတိကျကျမသိရသေးကြောင်း လမ်းသွယ်များတွင် ကြုံသလို ကားပါကင်ထိုး ရောင်းချနေသော မင်္ဂလာဈေးရှိ ဈေးသူဈေးသားများထံမှ သိရသည်။

china.com Myanmar
https://www.facebook.com/china.com.mm/
မင်္ဂလာဈေးမီးလောင်သွားသောလည်း ဆိုင်ပိုင်ရှင်များကဝန်ထမ်းလျော့ချခြင်းမလုပ်ဟုဆို  မင်္ဂလာဈေးမီးလောင်သွားသောလည်း ဆိုင်ပိုင်ရှင်များကဝန်ထမ်းလျော့ချခြင်းမလုပ်ဟုဆို Reviewed by THITHTOOLWIN on 14:06 Rating: 5
Powered by Blogger.