ရန်ကုန် အခြေခံပညာကျောင်း အချို့မှ ဆိုင်များတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ ရောင်းချနေ


ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းအချို့မှ မုန့်ဈေးတန်းများတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းတွင်း စားသောက်ဆိုင်များ ရှိသည့် အခြေခံပညာ ကျောင်းများအား ဂုဏ်ပြုဆု ချီးမြှင့်ပေးနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ ကျောင်းများကို စစ်ဆေးခဲ့ရာမှ ယင်းသို့တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာ မြင့်သန်းထွန်းထံမှ သိရသည်။

‘‘တချို့ကျောင်းတွေမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကနေ တားမြစ်ထားတဲ့ သရဲသကြားလုံးလေးတွေ ပြန်တွေ့နေတာ ရှိတယ်။ တချို့ကျတော့ လက်ဖက်ထမင်းလေးတွေ ရောင်းတဲ့ အကျင့်လေးတွေ တွေ့နေရတယ်။ လက်ဖက်မှာ ဆိုးဆေးပါမပါ ပေါ့နော်။ အဲဒါလေးတွေကို ဂရုစိုက်ရပါမယ်’’ ဟု ဒေါက်တာမြင့်သန်းထွန်းက ပြောသည်။

ယင်းအပြင် အချို့ကျောင်းများတွင် ဖျော်ရည်များ၊ စွမ်းအားဖြည့် အချိုရည်များ ရောင်းချလျက်ရှိပြီး အချိုရည်နှင့် ဖျော်ရည်များကို ကလေးများ အလွန်အကျွံ သောက်သုံးခြင်းဖြင့် ဆီးချိုရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ကျောင်းတွင်း ရောင်းချနေသည့် မုန့်ဆိုင်များကို စစ်ဆေးခြင်း ပြုလုပ်နိုင်သော်လည်း ကျောင်းအပြင် ပတ်ဝန်းကျင်ရှိ ဆိုင်များကို မစစ်ဆေးနိုင်သဖြင့် အဆိုပါဆိုင်များမှ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များကို မစားသောက်ရန် ကျောင်းသူ၊ ကျောင်းသားကို မှာကြားထားကြောင်း အ.မ.က - ၁၅ ၊ သင်္ဃန်းကျွန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဦးထံမှ သိရသည်။

‘‘အကင်တွေက ဘာအသားတွေနဲ့ ကြိတ်ထားလဲဆိုတာ မမြင်နိုင်တဲ့အတွက် မစားဖို့ ပြောထားပါတယ်။ ရေခဲထုပ်တွေ မစားဖို့လည်း ပြောထားတယ်။ ဒါက ကျောင်းအပြင်မှာ လှည်းနဲ့ ရောင်းတာတွေကို ပြောတာပါ။ ကျောင်းမုန့်သည် ကတော့ နှစ်သည်ပဲ ရှိပါတယ်။ တစ်သည်က သစ်သီးတွေရောင်းတာ။ တစ်သည်က မုန့်တွေ ရောင်းတာပါ။ မုန့်အခြောက်တွေ ရောင်းတဲ့ဆိုင်ကိုတော့ ကျောင်း ကျန်းမာရေးအဖွဲ့က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ ရောင်းနေလား။ တစ်ပတ်တစ်ခါ စစ်ပါတယ်’’ ဟု ဒေါ်ကြည်ကြည်ဦးက ပြောသည်။

၎င်းတို့ကျောင်းရှိ မုန့်ဆိုင်တွင် တာရှည်ခံ ပစ္စည်းများ အသုံးပြုထားသည့် လေဖောင်းအိတ်များဖြင့် ထည့်ထားသည့် မုန့်များ၊ ဆိုးဆေးပါဝင်သည့် ဇီးထုပ်များ၊ ဂျယ်လီများ၊ သကြားလုံးများ ရောင်းချနေခြင်း ရှိ၊ မရှိကို အဓိက စစ်ဆေးကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် အခြေခံပညာ ကျောင်းများအား ဂုဏ်ပြုဆု ချီးမြှင့်ပေးပွဲ အခမ်းအနားကိုလည်း ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ကျောင်း ၃၅ ကျောင်းအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ရန်ကုန် အခြေခံပညာကျောင်း အချို့မှ ဆိုင်များတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ ရောင်းချနေ  ရန်ကုန် အခြေခံပညာကျောင်း အချို့မှ ဆိုင်များတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ ရောင်းချနေ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.