အမေရိကန် ရေတပ်သား ၁ဝ ယောက်ကို အီရန်ဖမ်း


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အီရန်ဆီ ဖုန်းဆက် ညှိနှိုင်း
ပါးရှား ပင်လယ်ကွေ့ ဒေသမှာ အီရန် က အမေရိကန် ရေတပ်သား ၁ဝ ယောက်ကို ဖမ်းထားပါတယ်။

ကူဝိတ်ကနေ ဘာရိန်း အသွား သူတို့ ခုတ်မောင်းလာတဲ့ ရေတပ် သင်္ဘော ငယ် ၂ စင်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ် လို့လည်း သိရပါတယ်။

ဒီကိစ္စ ဖြစ်ဖြစ်ချင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အီရန် နိုင်ငံခြားရေး ဝန်ကြီး Javad Zarif ဆီ ဖုန်းဆက်ပြီး ညှိနှိုင်းဖို့ ကမ်းလှမ်းပါတယ်။

အီရန်ဘက်က ဒီသင်္ဘောသား တွေ လုံခြုံစွာ ရှိကြောင်းနဲ့ သူတို့ကို ခရီးဆက်ခွင့်ပေးမယ်လို့ အမေရိကန်ဘက်ကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန် အရာရှိ တယောက်က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမဲ့ ဒီ ဖမ်းထားတဲ့ အမေရိကန် ရေတပ်က အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ကို ဘယ်တော့ ပြန်လွှတ်ပေးမယ် ဆိုတာ မသဲကွဲ သေးပါဘူး။

ဒီရေတပ်သား တွေက အီရန် ပိုင်နက်ထဲ ကျူးကျော် လာတယ်လို့ အီရန်ဘက်က ရေးသား ပါတယ်။

ပြီးခဲ့တဲ့ လကပဲ ဟော်မုဇ် ရေလက်ကြားမှာ အီရန် ရေတပ် က အမေရိကန် စစ်သင်္ဘောတွေနား ဒုံးလက်နက် စမ်းသပ်တာတွေ လုပ်ခဲ့ပါတယ်။

ဒီစမ်းသပ်မှု တွေက ပြင်းထန်လွန်းတယ် လို့ အမေရိကန် ရေတပ်မှူး တယောက်က ပြောခဲ့ပါတယ်။

အဏုမြူရေး ဆွေးနွေးပွဲတွေ လုပ်နေစဉ် ၃ နှစ် အတွင်း အီရန်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေကြား ခိုင်မြဲတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ရခဲ့တဲ့ အဏုမြူ ကိစ္စ သဘောတူညီမှု တွေကို အီရန် ဘက်က ကျေနပ်မှု ရှိမရှိ ထုတ်ပြန်ရမယ့် ရက်မရောက်ခင်မှာ ဒီလို ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့တာပါ။

အီရန် အဏုမြူ အစီအစဉ်တွေ ဖျက်သိမ်းကြောင်း ကုလ သမဂ္ဂ အဏုမြူ အေဂျင်စီ က အတည်ပြု နိုင်တာနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အီရန် ပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရပ်ဆိုင်း ပေးကြတော့မှာပါ။

ဒီသဘောတူညီမှုတွေ အကောင်အထည် ပေါ်ဖို့ ရက်ပိုင်းပဲ လိုတော့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက မကြာခင်ကမှ ပြောကြား ခဲ့ပါတယ်။

၂ဝဝ၄ ၊ ၂ဝဝ၇ နဲ့ ၂ဝဝ၉ ခုနှစ် တွေ တုန်းကလည်း အီရန်က ဗြိတိသျှ ရေတပ်သားတွေကို ဖမ်းဆီး ပြီး ပြန်လွှတ်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
အမေရိကန် ရေတပ်သား ၁ဝ ယောက်ကို အီရန်ဖမ်း  အမေရိကန် ရေတပ်သား ၁ဝ ယောက်ကို အီရန်ဖမ်း Reviewed by THITHTOOLWIN on 06:07 Rating: 5
Powered by Blogger.