ဗိုလ်မှူးကျော်နုမော်အား တပ်မတော်မှ ထုတ်ပယ်ပြီးသော်လည်း အရပ်ဘက် တရားရုံးတွင် စစ်ဆေးခံရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို


ရှစ်နှစ်အရွယ် ကလေးငယ်အား ရိုက်နှက်မှုဖြင့် စစ်ဆေးခံရသည့် အိမ်ရှင်ဖြစ်သူ
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ကို တပ်မတော်မှ
ထုတ်ပယ်ပြီး သော်လည်း အရပ်ဘက်တရားရုံးသို့ လွှဲပြောင်းကာ အဆုံးအဖြတ်
ခံယူစေလိုကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြောင်း
သိရှိရသည်။

“တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ လုပ်သင့်တဲ့ လုပ်ဆောင်ချက်
ဖြစ်ပါတယ်။ တပ်မတော်ပိုင်းက ကျူးလွန်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလို
ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ပြတာတော့ မရှိခဲ့ဘူး။ အခုလို ပွင့်ပွင့် လင်းလင်း
လုပ်ပြလိုက်တဲ့ အတွက်လည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြစ်မှုတွေကိုတော့ အရပ်
ဘက် တရားရုံးရဲ့ အညီအမျှ အဆုံးအဖြတ် ခံယူစေချင်တယ်” ဟု လူ့အခွင့်အရေး
ကာကွယ် မြှင့်တင်သူများအဖွဲ့မှ နိုင်ငံတကာ ဆက်ဆံရေးမှူး ဦးအောင်ဇော်ဦးက
ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ် နေအိမ်တွင်
ရှစ်နှစ်အရွယ် ကလေးငယ်အား ရိုက်နှက်မှုဖြင့် စုံစမ်းစစ်ဆေး ခံရပြီးနောက်
အိမ်ရှင်ဖြစ်သူ ဗိုလ်မှူးကျော်နုမော်ကို နှိပ်စက်ခံရသည့် ကလေးငယ်၏ မိဘများအား
ငွေဆယ်သိန်း နစ်နာကြေးပေးကာ အိမ်ခေါ်ထားမှု၊ အိမ်ခေါ်ကာ နှိပ်စက်မှုတို့ကို
တပ်မတော်မှ စစ်ခုံရုံးဖွဲ့စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်တွင် အမျိုးသား
လွှတ်တော် ကိုယ်စားလှယ် တာဝန်နှင့်တကွ တပ်မတော်မှ အပြီးအပိုင် ထုတ်ပယ်
လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ လူ့အခွင့်အရေး ကော်မရှင်ထံသို့ စာတင်ပြ
ထားခြင်း ရှိ၊ မရှိကိုမူ မသိရှိသော် လည်း တရားရုံး၏ စီရင်ချက်ချမှတ်ပိုင်ခွင့်
ရှိနေခြင်းကြောင့် လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဝင်ရောက် စွက်ဖက်မည်
မဟုတ်ကြောင်း လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က
ပြောသည်။

“တပ်မတော်က ထုတ်ပယ်လိုက်တာက ဌာနရဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့
ကိစ္စတွေကလည်း တရားရုံးရဲ့ စီရင်ချက် ချမှတ်ပိုင်ခွင့်ရှိနေလို့ လူ့အခွင့်အရေး
ကော်မရှင်အနေနဲ့ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး” ဟု ဒေါက်တာဥာဏ်ဇော်က
ပြောသည်။

၁၉၉၁ ခုနှစ်တွင် ကုလသမဂ္ဂ၏ ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို မြန်မာနိုင်ငံက
လက်မှတ် ရေးထိုးခဲ့သော်လည်း လက်တွေ့တွင် ကျင့်သုံးမှု အားနည်းနေခြင်းကြောင့်
အစိုးရသစ် လက်ထက်တွင် ခိုင်မာသည့်ကလေးသူ ငယ်ဥပဒေများ ကို ချမှတ်ပေးရန်
လိုအပ်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြောသည်။

လက်ရှိတွင် ရှစ်နှစ်အရွယ် ကလေးအား ရိုက်နက်မှုဖြင့် ဗဟန်းမြို့နယ် ရဲစခန်းက
အိမ်ဖော်ဒေါ်သန်းနွဲ့ကို ကလေး သူငယ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူထားသည့်
အပြင် ဗိုလ်မှူးကျော်နုမော်၏ ဇနီးနှင့် ယောက္ခမတို့ကို ဗဟန်းမြို့နယ် တရားရုံးက
ဒီဇင်ဘာလ ၇ ရက်မှ စတင်စစ်ဆေးနေကာ နှိပ်စက်မှုတွင် တိုက်ရိုက်စေခိုင်းသူ
(သို့မဟုတ်) နောက်ကွယ်မှ စေခိုင်းသူအဖြစ် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်
တွေ့ရှိပါက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ဗိုလ်မှူးကျော်နုမော်အား တပ်မတော်မှ ထုတ်ပယ်ပြီးသော်လည်း အရပ်ဘက် တရားရုံးတွင် စစ်ဆေးခံရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို  ဗိုလ်မှူးကျော်နုမော်အား တပ်မတော်မှ ထုတ်ပယ်ပြီးသော်လည်း အရပ်ဘက် တရားရုံးတွင် စစ်ဆေးခံရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို Reviewed by THITHTOOLWIN on 13:33 Rating: 5
Powered by Blogger.