ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မန္တလေးမှ ထွက်ခွါသွားသည့် ဇာတ်ပွဲ ယာဉ်တိမ်းမှောက်ရာ သုံးဦးသေဆုံးပြီး ၁၇-ဦးဒဏ်ရာရ


ဂန့်ဂေါနှင့် ကလေးမြို့အကြား၊ တောင်ခရမ်းရွာဘုရားပွဲသို့ ဖျော်ဖြေရန် မန္တလေးမှ ထွက်ခွါသွားသည့် ”ရွှေလှမ်း တက်” ဇာတ်ပွဲယာဉ်သည် ဇန်န၀ါရီ ၁၉-ရက်နေ့ နံနက် ၅-နာရီခန့်က ပုလဲ-ဂန့်ဂေါလမ်းပိုင်း မိုင်တိုင်၅၈-အနီးတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်း သဘင်ပညာရှင်များ အစည်းအရုံးမှ သိရသည်။

ယာဉ်ပေါ်တွင် ဇာတ်အဖွဲ့ဝင်ပေါင်း ၄၀-ကျော်ပါရှိ၍ ယင်းဖြစ်စဉ်ကြောင့် သေဆုံးသူများအပြင် အရိုးကျိုးဒဏ်ရာ ရရှိသူများ အပါအ၀င် ဒဏ်ရာရသူစုစုပေါင်း ၁၇-ဦးရှိကြောင်း သိရသည်။

“ဘုရားပွဲမှာ သွားရောက် ကပြဖို့အသွားမှာ ခုလို တိမ်းမှောက်တာပါ။ တစ်ဘက်မှာ ချောက်ရှိ တယ်။ကားသမား က ချောက်ထဲမကျအောင် ရှောင်လိုက်တော့ သစ်ပင်ကို ၀င်တိုက်ပြီးရပ်သွားတာလို့ သိရ တယ်။ချောက်ထဲကျ ရင်ထိခိုက်မှုပိုများမှာ။ တော်သေးတယ်လို့ ဆိုရမယ်။”ဟု ယင်းအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောကြားသည်။

ဖြစ်စဉ်မှာ ဇာတ်အဖွဲ့ယာဉ်သည် ခြောက်ဘီးယာဉ်ဖြစ်၍ တစ်ဘက်တွင် ချောက်ရှိပြိး အခြားတဘက်တွင် အ နည်းငယ်နိမ့်သော လယ်ကွင်းများရှိသည့် တောင်ဆင်းလမ်းတွင် ဂီယာကြီးဖြင့် မောင်းရာမှ ဘရိတ် ပေါက် သွားသဖြင့် ချောက်ထဲမကျအောင် ယာဉ်မောင်းမှ ကြိုးစားရင်းလမ်းဘေးသစ်ပင်ကို ၀င်တိုက်မိကြောင်း သိရ သည်။

“မုံရွာနဲ့ပုလဲ မြိုကနယ်သဘင်အစည်းအရုံးတွေက အနီးကပ်ကူညီပေးကြတယ်။ မုံရွာဆေးရုံကနေ မန္တလေးကို ခုညနေမှာသယ်နေတယ်။ တစ်ချို့အရိုးကျိုးတာတွေရှိတော့ သူတို့မိသားစုနဲ့ နွေးနွေးထွေးထွေး ဖြစ်အောင် မန္တလေးဆေးရုံမှာ ကုသဖို့ပါ။ အသင်းကလည်း လိုအပ်တာကူညီပေးနေတယ်။”ဟု တိုင်းသဘင်ပညာရှင်များ အစည်းအရုံး အတွင်းရေးမှူး ဦးနန်းဌေးအောင် ကပြောသည်။

မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးမှ တာဝန်ရှိသူများသွားရောက်ခဲ့ကြသည့်အပြင် သဘင်ဂီတနှင့်ဂီတကွန်ယက်အသင်းမှလည်း အကူအညီများ ပေးအပ်နေကြောင်း၊ မုံရွာ၊ပုလဲမြို့နယ်သဘင် အစည်းအရုံးနှင့် ဒေသခံလူမှုရေးအသင်းများမှ အစားအစာများ ထောက်ပံ့သည့်အပြင် လိုအပ်သည်ကူညီမှုများ အနီးကပ်လုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ သုံးဦးမှာ အဆိုပါဇာတ်အဖွဲ့မှ ပြဇာတ်မင်းသမီးဂျူးဂျူး ၊နှဲဆရာ ဥိးလူဘို၊ အသံချဲ့ စက်ဆရာ ဦးရွှေကို တို့ဖြစ်ပြီး ဒဏ်ရာရသူ ၁၇-ဦးအနက်မှ ၂-ဦးမှာ မုံရွာဆေးရုံတွင် ခွဲစိပ်ခံယူရမှာ ဖြစ် ၍ ကျန်လူနာ ၁၅-ဦးအား မန္တလေးဆေးရုံတွင် ဆက်လက်ကုသမည်ဖြစ်ကြောင်းသိရသည်။

ခိုင်ဆက်ဝေ။
ယာဉ်တိမ်းမှောက်မှု ဓါတ်ပုံများ။  ကောင်းကျော် (facebook)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မန္တလေးမှ ထွက်ခွါသွားသည့် ဇာတ်ပွဲ ယာဉ်တိမ်းမှောက်ရာ သုံးဦးသေဆုံးပြီး ၁၇-ဦးဒဏ်ရာရ  ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မန္တလေးမှ ထွက်ခွါသွားသည့် ဇာတ်ပွဲ ယာဉ်တိမ်းမှောက်ရာ သုံးဦးသေဆုံးပြီး ၁၇-ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.