မင်္ဂလာဈေး ဒုတိယအကြိမ်မီးလောင် ၊ ၀ါယာရှော့မဖြစ်နိုင်ဟု သတင်းများ ထွက်ပေါ်နေ


ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး စတုထ္ထထပ်နှင့် တတိယထပ်တို့တွင် ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီကျော်ခန့်က စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ငါးလွှာနှင့် ခြောက်လွှာ ပြိုကျပျက်စီးခဲ့ကာ နံနက် ၇ နာရီကျော်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးသတ်ကား အစီးရေ တစ်ရာကျော်ဖြင့် ငါးနာရီကြာ ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆင့်မြင့် မင်္ဂလာဈေး လေးလွှာ မီးလောင်မှုတွင် မီးငြှိမ်းသတ်ယာဉ် ၅၈ စီး၊ မီးသတ်ရေသယ်ယာဉ် ၂၇ စီး၊ မီးသတ် အထောက်အကူပြုယာဉ် ၁၈ စီး၊ လှေကားတင်ယာဉ် ခြောက်စီး၊ သူနာတင်ယာဉ် ၁၉ စီး၊ မိတ်ဖက်ရေသယ်ယာဉ်ခြောက်စီး၊ စုစုပေါင်း ယာဉ် ၁၃၄ စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၉၀ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၁၆ ဦး၊ ကြက်ခြေနီ ၁၅၃ ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေး ဆောင်ရွက်ခဲ့ပြီး ၊ တပ်မတော် ၊ ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကျပ်ထားခဲ့ကာ မီးသတ်တပ်ဖွဲ့မှ အမျိုးသမီး တပ်ဖွဲ့ဝင်များလည်း မီးလောင်ပြင်သို့ လာရောက်၍ ထောက်ပံ့ရေး ကိစ္စများ ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က
သတင်းထုတ်ပြန်ခဲ့ သည်။

“အရင်တစ်ခေါက်ထက် ဆိုးတယ် ။ လူလည်း အားတင်းထားရတယ် ။ မရှိတဲ့အားတွေကို ကောက်ပြီးတော့ တင်းထားရတယ် ။ နှစ်ခါဆိုတော့ လူတွေလည်း ပက်လက်လန်နေပြီ ။ ဘယ်လို လုပ်ရမှန်းမသိဘူး” ဟု မီးလောင်ကျွမ်းမှုတွင် ဆိုင်ခန်းသုံးခန်း ဆုံးရှုံးသွားသည့် ဆေးဆိုင်ပိုင်ရှင် အမျိုးသမီးကြီးတစ်ဦးက
ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဆေးပစ္စည်းတန်းနှင့် အလှကုန်ပစ္စည်းတန်းများ အကုန်လုံး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မီးလောင်ရာနေရာသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။

“အဓိက အားဖြင့်တော့ ဆေးပစ္စည်းတန်းရယ် ၊ အလှကုန်ပစ္စည်းတန်းရယ် အကုန်လုံးလောက် ဆုံးရှုံးတယ်လို့ ထင်ပါတယ် ။ အဲ့ဒီအထပ်တွေပဲ လောင်တာကိုး။ ဘယ်က စလောင်တယ် ဆိုတာကတော့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ရယ် ၊ တာဝန်ရှိသူတွေရယ် အကုန်ပေါင်းပြီးတော့ စစ်ဆေးရမှာပေါ့” ဟု မြို့တော်ဝန်
ဦးလှမြင့်က ပြောသည်။


မင်္ဂလာဈေး မီးလောင်ကျွမ်းမှုသည် ဓာတ်လှေကားမှ စတင်၍ ၀ါယာရှော့ဖြစ်ပြီး စတင်လောင်ကျွမ်းသည်ဟု ပြောဆိုနေကြသော်လည်း ဆိုင်ခန်းပိုင်ရှင်များကမူ ၀ါယာရှော့ ဖြစ်သည်ဆိုခြင်းကို လက်မခံနိုင်ဟု ပြောဆိုနေကြသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများက မီးစတင်လောင်ကျွမ်း
ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုသေးဟုလည်း တာဝန်ရှိသူများက ပြောဆိုကြသည်။

“၀ါယာရှော့လို့ပြောတာကို လက်မခံဘူး ။ သူတို့က ဘေးမီးပဲ ပေးထားတယ် ။ ကိုယ့်ဘာသာ မီးအိမ်လေးတွေ ဆောင်တဲ့သူရှိတယ် ။ ဖုန်းမီးတွေ ရှိတယ် ။ တစ်ပုံကြီးပဲ ။ အရင်တုန်းက တတိယထပ် မီးမလောင်ခင်တုန်းက မီးပေးတယ်။ အခုမပေးတော့ဘူး။ မီးအား နည်းနည်းလေး မှိန်မှိန်လေးပဲ ပေးတာ။ ဒီကိစ္စကို
သေသေချာချာ ဖော်ထုတ်သင့်နေပြီ ။ အသိအသာကြီးလေ။ မီးလည်း မသုံးဘူး ။ ရိုးရိုးတန်းတန်း စားသောက်ဆိုင်တွေ ဆိုလည်း ညနေဆို ပြန်ရတယ်” ဟု အဆိုပါဈေး စတုထ္ထထပ်တွင် ဆေးပစ္စည်း ရောင်းချသည့် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် မီးသတ် ၀န်ထမ်းအချို့နှင့် ကြက်ခြေနီ ၀န်ထမ်းအချို့ ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် မရှိကြောင်း မီးသတ်ဝန်ထမ်းများထံမှ သိရသည်။

စတုထ္ထထပ်နှင့် တတိယထပ်ရှိ ဆေးပစ္စည်းဆိုင်များနှင့် အလှကုန်ဆိုင်များ မီးလောင်ကျွမ်းခဲ့ပြီး ကျန်အောက်ထပ် ဆိုင်ခန်းမှာမှာ ရေစိုရုံသာရှိကာ စတုထ္ထထပ်၏ ခေါင်မိုး၊ စားသောက်ဆိုင်များ ရှိသည့် အထပ်၏ ကြမ်းခင်းမှာ တတိယထပ်အပေါ် ပြိုဆင်းသွားသည့် အနေအထားတွင်ရှိပြီး တတိယထပ်သည်လည်း အကာအရံများ ကွဲအက်ပြိုပျက်ခဲ့ကြောင်း မီးသတ်ဝန်ထမ်းများထံမှ သိရသည်။

အဆင့်မြင့် မင်္ဂလာဈေး မီးလောင်မှုသည် (Level 5) အဆင့်ရှိ ပြီး ဒုတိယအလွှာသို့ပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ၊ မီးလောင်ရာသို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေ လာရောက် ကြည့်ရှုခဲ့ပြီး လေးလွှာ ၊ သုံးလွှာမှ နှစ်လွှာအထိ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းကြောင့် မီးသတ်ယာဉ်များ သွားလာမှု လွယ်ကူစေရန် လမ်းလယ်ဘလောက်တုန်းများအား ပြည်သူများက ၀ိုင်းဝန်း ရွှေ့ပြောင်း ပေးခဲ့ကြကြောင်း ၊ နံနက်ပိုင်းတွင် မီးထိန်းနိုင်ခဲ့သော်လည်း မီးကြွင်းမီးကျန်များကို နေ့ ၁ နာရီဝန်းကျင်ခန့်ထိ ဆက်လက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မင်္ဂလာဈေး မီးလောင်ကျွမ်းမှုမှာ ယခုအခါ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ၂၀၁၀ ခုနှစ် မတ်လ ၂၅ ရက်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ၃၆ နာရီခန့်ကြာမြင့်စွာ မီးငြှိမ်းသတ်ခဲ့ရသည်။

သတင်း - ဇော်မင်းထွန်း
Photo – Saung Phyu
The Ladies News Journal
https://www.facebook.com/News.TheLadies
မင်္ဂလာဈေး ဒုတိယအကြိမ်မီးလောင် ၊ ၀ါယာရှော့မဖြစ်နိုင်ဟု သတင်းများ ထွက်ပေါ်နေ  မင်္ဂလာဈေး ဒုတိယအကြိမ်မီးလောင် ၊ ၀ါယာရှော့မဖြစ်နိုင်ဟု သတင်းများ ထွက်ပေါ်နေ Reviewed by THITHTOOLWIN on 15:23 Rating: 5
Powered by Blogger.