အယ်လ်နီညိုကြောင့် ယခုနှစ် ခြောက်လအတွင်း ရေရှားမှုနှင့်အတူ အပူဆုံး ဖြစ်လာမည်ဟု မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ခန့်မှန်း


ရန်ကုန် ဇန်နဝါရီ ၎

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၌ ယခုနှစ် ပထမ ခြောက်လ အတွင်း အပူဆုံးဖြစ်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်ပြောကြားလိုက်သည်။

''အယ်လ်နီညိုနဲ့ပတ်သက်ပြီး ၂ဝဝ၃ ခုနှစ်မှာ သုတေသနလုပ်ငန်းအတွက် စာတမ်းရေးခဲ့တယ်။ လေ့လာချက်တွေအရ ထိခိုက်မှုက ၂ဝ၁၅ ထက် ၂ဝ၁၆ က ပိုဆိုးမယ်။ ရေရှားမှု၊ အပူချိန်လွန်ကဲမှုဖြစ်စဉ်တွေ ဖြစ်မယ်''ဟု ဦးထွန်းလွင်က ပြောသည်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် အနည်းဆုံး ၁၂ လမှ အများဆုံး ၁၈ လထိကြာမြင့်ကြောင်း၊၁၂လကြာ ဖြစ်စဉ်တွင် ရှေ့နှစ်ဒုတိယ ခြောက်လနှင့် နောက်နှစ် ပထမ ခြောက်လ ထိခိုက်မှုများရှိနိုင်ကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လအထိ အယ်လ်နီညိုထိခိုက်မှု ရှိနိုင်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ကမ္ဘာပေါ်တွင် ကျောက်မီးသွေးသုံးစွဲမှုနှင့် သစ်တော ပြုန်းတီးမှုများကြောင့် ဓာတ်ငွေ့ထုတ်လွှင့်မှုများလာပြီး ဖန်လုံအိမ်ဓာတ်ငွေ့တိုးလာကာ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပွား လာကြောင်း သိရသည်။

''ရာသီဥတုတွေက ပြောင်းလဲနေပြီ။ ပြောင်းလဲတဲ့အထဲမှာ မြန်မာနိုင်ငံလည်းပါတယ်။ ရာသီဥတုပြောင်းလဲမှု ဒဏ်ခံရတဲ့ ကမ္ဘာ့အဆိုးဆုံး နိုင်ငံများ စာရင်းကို နှစ်စဉ်ပြုစုတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ အတွင်း ရာသီဥတုဒဏ် အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘာမှာ မြန်မာက ဒုတိယအဆိုး ဆုံးနိုင်ငံ ဖြစ်နေခဲ့တာ။ အဲဒါဘာလဲဆိုရင် သစ်တောပြုန်းတာပါပဲ။ ကမ္ဘာမှာ မြန်မာက သစ်တော ပြုန်းတီးမှုမှာ တတိယ အဆိုးဆုံးနိုင်ငံဖြစ်နေ တယ်''ဟု ၄င်းက ပြောသည်။

ကုလသမဂ္ဂမှ ၂ဝ၁၅ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ကို ကမ္ဘာ့မြေနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာပေါ်တွင် ကျောက်မီးသွေး သုံးစွဲခြင်းကို လုံးဝရပ်တန့် ပစ်ရန်နှင့် ကျောက်မီးသွေးအစား အခြားသော ပြန်လည်ဖြည့်စွမ်း နိုင်သည့် စွမ်းအင်များကို ပိုမိုသုံးစွဲရန်နှင့် လိုအပ်သည့် ဘဏ္ဍာငွေ ပြဋ္ဌာန်းသတ်မှတ်ပြီး အသုံးပြုရန် တိုက်တွန်း ထားကြောင်း သိရသည်။

''ကျွန်တော်တို့နိုင်ငံမှာတော့ ကျောက်မီးသွေးကို အခု မှ အရှိန်အဟုန်နဲ့ လုပ်မယ့်သဘောတွေ ပြနေပါတယ်။ အဲဒါက ပြန်လည်စိစစ်သင့်တဲ့ကိစ္စ တစ်ခုပါ။ ကမ္ဘာသွား တဲ့လမ်းနဲ့ ကျွန်တော်တို့ သွားတဲ့လမ်းက ဆန့်ကျင် ဘက် ဖြစ်နေတယ်။ အဲဒီအချက်က အရေးကြီးပါတယ်''ဟု ဦးထွန်းလွင်က ဆိုသည်။

အမေရိကန်နိုင်ငံ Notre Dame University မှ ရာသီဥတုပြောင်း လဲခြင်းကြောင့် ထိခိုက်မှုနှင့်ပတ်သက်ပြီး အချက်နှစ်ချက်ခွဲပြီး ကမ္ဘာ့နိုင်ငံ ၁၈၄ နိုင်ငံကို တစ်နိုင်ငံချင်း အလိုက် လေ့လာကာ အမှတ်ပေးစနစ်နှင့် အဆင့်ခွဲပြီး တန်းစီဇယားဆွဲခဲ့သည်။

အဆိုပါအချက်နှစ်ချက်တွင် နံပါတ်(၁) သဘာဝအရ အရှိအတိုင်းဖြစ်နေ သည့် ရာသီဥတု၏ ထိခိုက်မှုနှင့် ဒုတိယအချက်တွင် လူများ၏ဆောင်ရွက်မှု ဟု နှစ်ပိုင်း ခွဲထားသည်။

သဘာဝအရ ထိခိုက်မှုအလားအလာ တန်းစီဇယား နိုင်ငံပေါင်း ၁၈၄ နိုင်ငံတွင် မြန်မာနိုင်ငံက ၁၃၁ ရှိနေပြီး မြန်မာနိုင်ငံအောက် တွင် နိုင်ငံပေါင်း ၅ဝ ရှိကြောင်း လူနှင့် ပတ်သက်သည့်အပိုင်း တွင် မြန်မာနိုင်ငံက ၁၈၄ နိုင်ငံတွင် ၁၇၉ ရောက်ရှိသွားပြီး အဆိုးဆုံး ၁ဝ နိုင်ငံ တွင် ပါဝင်ကြောင်း သိရသည်။

''သစ်တောပြုန်းတာအတွက် သစ်ပင်တွေ ပြန်စိုက် ရမယ်။ ခက်တာက သစ်တစ်ပင်ခုတ်ပြီး ပြန်စိုက်လိုက်လို့ အရင်တုန်းကအတိုင်း အကျိုးကျေးဇူး က ပြန်ရတယ်လို့ ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ခုတ်လိုက်တဲ့ သစ်ပင်ထဲမှာ ဂေဟစနစ်က ပါသွားတယ်။ သစ်ပင် စိုက်ရင် ခုတ်လိုက်တဲ့ သစ်ပင် ပြန်ရဖို့အတွက် နှစ်ပေါင်း များစွာ စောင့်ရမှာ။ ချက်ချင်းလုပ်လို့ အကျိုး ကတော့ ပြန်မရနိုင်ဘူး။ မလုပ်မဖြစ် အချိန်ယူလုပ်ရမယ့် လုပ်ငန်း တွေဖြစ်နေတယ်''။

''ဒီနိုင်ငံမှာ အလိုအပ်ဆုံး နံပါတ်တစ်ဦးစားပေးက အသိပညာပဲ။ ဒီလို လိုအပ်တဲ့နိုင်ငံတွေလည်း ကမ္ဘာမှာ အများကြီးရှိတယ်''ဟု ဦးထွန်းလွင် ကပြောသည်။

နိုင်ငံတကာမှ နှစ်စဉ်နှစ်တိုင်း အရေးကြီးဆုံး မီးမောင်းထိုးပြရမည့် အကြောင်းအရာကို ရွေးချယ်ပြီး ဆောင်ပုဒ်အဖြစ် ကမ္ဘာ့မိုးလေဝသနေ့ကို ကျင်းပလေ့ ရှိရာ ၂ဝ၁၅ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကျရောက်ခဲ့ သည့် ကမ္ဘာ့မိုးလေဝသနေ့တွင် ''ရာသီဥတုလုပ်ငန်းများ အတွက် ရာသီဥတုအသိ ပညာ အရေးကြီးဆုံး'' အကြောင်း အရာဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၇-၁၉၉၈ ခုနှစ်၌ အယ်လ်နီညို ကျရောက်ခဲ့စဉ်က အပူဆုံးနှစ်ဖြစ်ခဲ့ကာ အပူဆုံးစံချိန်တင်ခဲ့သည့် မြို့ပေါင်း ၅ဝ ခန့်နှင့် မိုးရေချိန် အနည်းဆုံးစံချိန် တင်ခဲ့သည့် မြို့ပေါင်း ၅ဝခန့်ရှိခဲ့ကြောင်း မိုးလေဝသ မှတ်တမ်း များအရ သိရသည်။

သတင်း-မင်းသစ်၊ ဓာတ်ပုံ-အေးမင်းစိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အယ်လ်နီညိုကြောင့် ယခုနှစ် ခြောက်လအတွင်း ရေရှားမှုနှင့်အတူ အပူဆုံး ဖြစ်လာမည်ဟု မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ခန့်မှန်း   အယ်လ်နီညိုကြောင့် ယခုနှစ် ခြောက်လအတွင်း ရေရှားမှုနှင့်အတူ အပူဆုံး ဖြစ်လာမည်ဟု မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ခန့်မှန်း Reviewed by THITHTOOLWIN on 13:31 Rating: 5
Powered by Blogger.