နိုင်ငံတော်အခြေပြမိန့်ခွန်းအကြောင်း သိကောင်းစရာ


အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက သမ္မတအနေနဲ့ လွှတ်တော်ကို နိုင်ငံတော်ရဲ့ အခြေအနေ အခြေပြ မိန့်ခွန်း လိုအပ်ရင် လိုအပ်သလို ပြောကြားရမယ်ဆိုပြီး  ဖော်ပြထားပါ တယ်။ နိုင်ငံတော် အကျိုးအတွက် အမှန်တကယ် လိုအပ်တယ်လို့ ယူဆရင် ဒီလိုအခြေပြ မိန့်ခွန်း ပြောဖို့လည်း သမ္မတအနေနဲ့ လွှတ်တော်ကို အကြံပြု တိုက်တွန်းနိုင်ခွင့် ရှိပါတယ်။

အထက်လွှတ်တော်အမတ်တွေ၊ အောက်လွှတ်တော်အမတ်တွေ၊ နောက် တရားရုံးချုပ်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ သံတမန်တွေနဲ့ ပူးတွဲ စစ်ဦးချုပ်တွေရဲ့ ရှေ့မှောက်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို ပြောကြားလေ့ရှိတာပါ။ သမ္မတ မိန့်ခွန်းပြောကြားတဲ့နေ့မှာ လွှတ်တော်မှာ တင်သွင်းဆဲ အတည်ပြု မပြု ဆုံးဖြတ်ရမယ့် ဥပဒေကြမ်းတွေကို ဖယ်ထားလေ့ ရှိပါတယ်။ သမ္မတအခြေပြမိန့်ခွန်းပြောတဲ့ ၁၉၃၄ ခုနှစ်အထိတော့ ဒီလို အခြေပြမိန့်ခွန်းကို သမ္မတက ဒီဇင်ဘာလမှာ နှစ်စဉ် ပြောကြားလေ့ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဇန်န၀ါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီလတွေမှာ ဒီလို မိန့်ခွန်းပြောကြားလေ့ ရှိပါတယ်။

သမိုင်းမှာ ပထမဆုံး နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားခဲ့ဖူးတဲ့ သမ္မတဟာ George Washington ပါ။ ၁၇၉၀ ခုနှစ်က ပြောကြားခဲ့တာပါ။ အဲဒီမိန့်ခွန်းတခုလုံးဟာ စကားလုံး ၈၃၃ လုံးပဲ ပါတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ သမိုင်းမှာ အတိုဆုံး နိုင်ငံတော် အခြေပြမိန့်ခွန်း ဖြစ်ပါတယ်။

နိုင်ငံတော် အခြေပြမိန့်ခွန်းကို သမ္မတက အမြဲတစေ လူကိုယ်တိုင်ပြောကြားခဲ့တာတော့ မဟုတ်ပါဘူး။ ၁၈၀၁ ခုနှစ်မှာ သမ္မတဟောင်း Thomas Jefferson က မိန့်ခွန်းကို စာနဲ့ ရေးသားပေးပို့ခဲ့ပြီး လွှတ်တော်ရေးရာ အရာရှိတွေက ဖတ်ကြားပြခဲ့ပါတယ်။ နောက်ပိုင်း သမ္မတက စာနဲ့ ရေးသားပေးပို့တဲ့ အစဉ်အလာ နှစ်ပေါင်း တစ်ရာလောက် ဆက်ရှိနေခဲ့ပြီး၊ ၁၉၁၃ ခုနှစ် သမ္မတဟောင်း Woodrow Wilson လက်ထက်မှာမှ သမ္မတကိုယ်တိုင် လွှတ်တော်ရှေ့မှောက် နိုင်ငံတော် အခြေပြမိန့်ခွန်းကို ပြောကြားခဲ့တာပါ။

နောက်ပိုင်း နည်းပညာတွေ တိုးတက်လာတဲ့အချိန်၊ ၁၉၂၃ ခုနှစ် သမ္မတဟောင်း Calvin Coolidge လက်ထက် မိန့်ခွန်းကို ရေဒီယိုကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ရုပ်မြင်သံကြားကနေ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့တာကတော့ ၁၉၄၇ ခုနှစ် သမ္မတဟောင်း Harry Truman လက်ထက် ဖြစ်ပါတယ်။ အင်တာနက်ကနေ ပထမဆုံး တိုက်ရိုက် ထုတ်လွှင့်ခဲ့တာကတော့ ၂၀၀၂ ခုနှစ် သမ္မတဟောင်း George W. Bush လက်ထက် ဖြစ်ပါတယ်။ သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို အတိုက်အခံပါတီဘက်က ရုပ်မြင်သံကြားကနေ ပြန်လည် တုံ့ပြန်တာကတော့ ၁၉၆၆ ခုနှစ် ဖြစ်ပါတယ်။ ဒီလို အတိုက်အခံပါတီ၊ လွှတ်တော်အမတ်တွေရဲ့ ပြန်လည် တုံ့ပြန်ချက် ထုတ်လွှင့်လာတာ နောက်ပိုင်း ၁၉၈၂ နောက်ပိုင်းမှာ အစဉ်အလာတခုလို ဖြစ်ခဲ့ပါတယ်။

သမ္မတက နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားတဲ့အချိန် အထူးဧည့်သည်တော်တွေလည်း ဖိတ်ကြားလေ့ ရှိပါတယ်။ သမိုင်းမှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောတဲ့အချိန် သမ္မတကတော်ရဲ့ ဘေး အထူးဧည့်သည်တော်တွေကို ထိုင်ဖို့ ပထမဆုံး ဖိတ်ကြားခဲ့သူကတော့ သမ္မတဟောင်း Ronald Reagan ဖြစ်ပါတယ်။ ဒီနှစ်တော့ ဆီးရီးယားဒုက္ခသည်တယောက်နဲ့ မူဆလင် စစ်မှုထမ်းဟောင်း တယောက်ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားပါတယ်။

နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားတဲ့အချိန်တိုင်းမှာ သမ္မတတခုခုဖြစ်ခဲ့လို့ မတော်တဆ တိမ်းပါးသွားခဲ့ရင်၊ သူ့နေရာကို ဆက်ခံမယ့်သူကို သတ်မှတ် ခန့်အပ်လေ့ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် ဘေးအန္တရာယ်တခုခု ကျရောက်ပြီး တိုင်းပြည်ခေါင်းဆောင်တွေ ဆုံးရှုံးခဲ့မယ်ဆိုရင် သူ့နေရာကို ဆက်ခံဖို့ပါ။ ဒီလို ခေါင်းဆောင်နေရာ ဆက်ခံမယ်ဆိုပေမဲ့ သူ ဘယ်သူ ဘယ်ဝါ ဆိုတာကိုတော့ ထုတ်ဖော် ကြေညာခြင်း မရှိပါဘူး။ သမ္မတမိန့်ခွန်းမပြောခင် သီတင်းပတ် အတန်ကြာကတည်းက ကြိုတင် ရွေးချယ်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားတဲ့အချိန်မှာ အဲဒီသမ္မတနေရာ ဆက်ခံဖို့ ခန့်အပ်ထားတဲ့သူကို လျှို့ဝှက်တနေရာမှာ အထူး ကြပ်မတ်ပြီး ထားလေ့ရှိပါတယ်။ သမ္မတ အိမ်ဖြူတော်ကို ပြန်ရောက်တဲ့အချိန်၊ တခြားလွှတ်တော်အမတ်တွေ လွှတ်တော်အဆောက်အဦးက ပြန်လည် ထွက်ခွာတဲ့အချိန်အထိ သမ္မတနေရာ ဆက်ခံမယ်လို့ သတ်မှတ်ထားတဲ့သူကို လျှို့ဝှက်နေရာမှာ ထားလေ့ရှိပါတယ်။

ဦးသိန်းထိုက်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
နိုင်ငံတော်အခြေပြမိန့်ခွန်းအကြောင်း သိကောင်းစရာ  နိုင်ငံတော်အခြေပြမိန့်ခွန်းအကြောင်း သိကောင်းစရာ Reviewed by THITHTOOLWIN on 06:01 Rating: 5
Powered by Blogger.