စိတ်ရှည်ကြပါ မောင်တို့မယ်တို့


|| ရဲမင်းဦး - Opinion ||

သမ္မတ ဘယ်သူလဲတို့၊ အစိုးရအဖွဲ့ဝင်တွေ ဘယ်သူတွေဖြစ်မလဲတို့၊ ဝန်ကြီးတွေက ဝန်ကြီးတွေ ပြန်ဖြစ်ဦးမှာလားတို့ အတော်လေး လူတွေ စိတ်ဝင်စားကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြောသင့်ပြီလို့ ပြောတဲ့လူတွေလည်း ရှိတယ်။ အဖွဲ့ချုပ်ဖက်ကတော့ အချိန်တန်ရင် သိရပါလိမ့်မယ်ဆိုတဲ့ စကားကိုပဲ ပြောထားပါတယ်။

ဒါကြောင့် ၂၀၁၀ လောက်က အဖြစ်အပျက်လေးတချို့ကို သတိပြန်ရမိတယ်။ အဲဒီတုန်းက ဘယ်သူ သမ္မတ လုပ်ရမယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထုတ်မပြောသေးဘူး။ ဗိုလ်ချုပ်တွေကြားထဲမှာ သူလိုလို ငါလိုလို ထင်ကြေးမျိုးစုံနဲ့ပေါ့။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ညှိကွပ်ချုပ်)၊ ဗိုလ်ချုပ်ကြီး သိန်းစိန် (ဝန်ကြီးချုပ်)၊ ဗိုလ်ချုပ်ကြီးသီဟ သူရတင်အောင်မြင့်ဦး(အတွင်းရေးမှူး၁)တို့ထဲက တစ်ဦးဦးတော့ ဖြစ်မှာဆိုတဲ့ သတင်းတွေလည်း ထွက်နေခဲ့တယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို သမ္မတ လုပ်ဖို့ ဆန္ဒရှိသလားလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မေးတယ်ဆိုတဲ့ ကောလာဟာလတစ်ခုလည်း ထွက်လာသေးတယ်။
တစ်ခါ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးကို သမ္မတ ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောတဲ့အတွက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက အဲလိုသာဆိုရင် သူသဘောမတူဘူး အာဏာသိမ်းပစ်လိုက်ရမလားလို့ ကြားခံလူတွေက တဆင့်ပြန်ပြောတယ်ဆိုတဲ့ ကောလာဟာလလည်း ထွက်လာပြန်တယ်။

အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက သူသာ သမ္မတဖြစ်ရင် ဒီလူဒီလူတွေက ဒီဌာနတွေမှာ ဝန်ကြီးလုပ်ရမယ်ဆိုပြီး အစိုးရအဖွဲ့တစ်ခု လက်သိပ်ထိုး ဖွဲ့နေတယ်ဆိုတဲ့ သတင်းက ထွက်လာပြန်သလို၊ ဗိုလ်ချုပ်ကြီး သိန်းစိန်ကလည်း (သူက ဝန်ကြီးချုပ်ဖြစ်နေတော့) လက်ရှိ ဝန်ကြီးတွေထဲက တချို့ကို ခေါ်တွေ့ပြီး ခင်ဗျားတို့ကို ဘယ်ဌာနတွေမှာ တာဝန်ပေးမယ်ဆိုတာမျိုး ခေါ်ပြောတယ်ဆိုတဲ့ သတင်းကလည်း ထွက်လာခဲ့တယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးတာခံရမယ့် ဒုတိယ ဗိုလ်ချုပ်ကြီးတွေနဲ့ ဝန်ကြီးတွေကိုလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ညွှန်ကြားချက်အရဆိုပြီး တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်လွှတ်တော်တွေကနေ ရွေးကောက်ပွဲဝင်ဖို့ စေခိုင်းမှုတွေလည်း ရှိလာခဲ့တယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမယ့်အပြင် တိုင်းနဲ့ပြည်နယ်က လွှတ်တော်တွေမှာ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ့်သူတွေကိုလည်း သက်ဆိုင်ရာ လွှတ်တော်တွေမှာ ရွေးကောက်ပွဲဝင်စေဖို့ ဗိုလ်ချုပ်ကြီး သိန်းစိန် ကတဆင့် ညွှန်ကြားလာတာတွေ ရှိလာခဲ့တယ်။

ဗိုလ်ချုပ်ကြီး သိန်းစိန်ကတဆင့် ညွှန်ကြားတာတွေများလာတဲ့အတွက် သမ္မတလောင်းဟာ သူပဲဖြစ်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ပိုများလာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေကပဲ သေချာနေပြီး ကျန်တဲ့ သမ္မတ ၊ ဒုတိယသမ္မတ နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာတွေက သူလိုလို ကိုယ်လိုလိုတွေ ဖြစ်နေခဲ့တယ်။

အတော်ကြီး ရက်နီးလာတော့မှ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ဗိုလ်ချုပ်ကြီး သိန်းစိန် ကိုသာ သမ္မတ အဖြစ် ထောက်ခံမှုပေးတယ်ဆိုတဲ့ သတင်းက အပြင်ကို ပျံ့လာခဲ့တယ်။ တစ်ခါ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ဗိုလ်ချုပ်ကြီးတွေ ဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ ဝန်ကြီးတွေကို အစည်းအဝေးခေါ်ပြီး ဦးသိန်းစိန်ကို သမ္မတလောင်းအဖြစ် လျာထားတယ်။ မင်းတို့ထဲမှာ သူ့ထက်ပိုပြီး ကောင်းတဲ့လူ ဘယ်သူရှိသလဲလို့ မေးတယ်ဆိုတဲ့ ကောလဟာလတစ်ခုကလည်း ထွက်လာခဲ့တယ်။

အပြင်လူတွေကြားထဲမှာတော့ တပ်မတော်အစိုးရမှာ နံပါတ် ၃ အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက နံပါတ် ၄ အဆင့်ဖြစ်တဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ထက် သမ္မတဖြစ်မယ်လို့ ရေပန်းပိုစားခဲ့တယ်။

အဲဒီလိုနဲ့ လွှတ်တော်ခေါ်ယူတဲ့အချိန်ကျမှ ဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြုပြီး ဦးသိန်းစိန်ကို သမ္မတလောင်းအဖြစ်အဆိုပြုတာတွေ ဆက်တိုက်ဖြစ်လာတော့မှသာ ဦးသိန်းစိန် ( ဗိုလ်ချုပ်ကြီး၊ ဝန်ကြီးချုပ်)ဟာ သမ္မတ အဖြစ် ရွေးချယ်ထားသူဖြစ်ကြောင်း အများပြည်သူ သိရှိခဲ့ကြရတာဖြစ်ပါတယ်။

ကောလာဟာလတွေ အများကြီးဖြစ်ခဲ့တယ်။ သတင်းပလင်းတွေ မျိုးစုံထွက်ခဲ့တယ်။ ဘယ်ဟာက အမှန် ဘယ်ဟာက အမှားဆိုတာ အချိန်တစ်ခုရောက်မှသာ သိခဲ့ကြရတာဖြစ်တယ်။ ဒါတောင်မှပဲ အဲဒီအချိန် အဲဒီကာလက စစ်အာဏာရှင်စနစ်ဖြစ်တာမို့ ဒီသတင်းနဲ့ပတ်သက်ပြီး ကြိုတင်ထုတ်ပြန်လာခဲ့ရင်လည်း ဘယ်သူကမှ နှောက်ယှက်ဟန့်တားရဲမှာ မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ရွေးကောက်ပွဲ ၃ ကြိမ် ဝင်ပြိုင်ခဲ့ပါတယ်။ ၁၉၉၀ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရတယ်။ ဦးကြည်မောင်ပြောတဲ့စကားရဲ့ ဆိုလိုရင်း မဟုတ်ပါဘဲ စကားကို လိုရာဆွဲလို့ အနိုင်ရလွှတ်တော်အမတ်တွေအကုန်လုံးကို ဖမ်းဆီးခဲ့တယ်။ အာဏာလွှဲမပေးခဲ့ပါ။

၂၀၁၂ ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ပြန်တယ်။ ကြားဖြတ်ဆိုတဲ့အတိုင်း လစ်လပ်နေရာလေးတချို့မှာ လုပ်တဲ့ရွေးကောက်ပွဲမို့ အင်အားသိပ်မရှိပေမယ့် နေရာပြည့်နီးပါး အနိုင်ရခဲ့တယ်။ ဒီလိုနဲ့ပဲ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဝင်ပြိုင်ခဲ့တယ်။ ၈၀%ခန့် အနိုင်ရခဲ့တယ်။ ၁၉၉၀ တုန်းကလို အစိုးရဖွဲ့နိုင်တဲ့ ပြည်သူ့အောင်ပွဲကြီးရခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်တော့ ၁၉၉၀ လို မတော်မတရားပြုလုပ်ဦးမှာလားဆိုတဲ့ စိုးရိမ်မှုက လူတော်တော်များများမှာ ရှိနေခဲ့တယ်။ ခေတ်တွေပြောင်းခဲ့ပြီ။ စနစ်တွေပြောင်းသွားပြီ။ ၉၀ လို ပြန်မဖြစ်တော့ပါဘူးလို့ အာမခံသူတွေလည်း မနည်းလှပါ။ ဘာကြောင့်ဖြစ်ဖြစ် တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ဘဝတွေကို ငဲ့ကွက်ရပါမယ်။

ပြည်သူ့အောင်ပွဲဖြစ်တာမို့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူတွေကိုတောင် အနိုင်ရသူတွေလို့ မသုံးပါနဲ့။ အရွေးချယ်ခံများလို့သာ သုံးပါလို့ ပါတီခေါင်းဆောင်က ထုတ်ပြောခဲ့တယ်။ စကားလုံးတွေကို အဲဒီလောက်အထိ ဂရုစိုက် သုံးစွဲနေတာ ပြည်သူတွေရဲ့ ဘဝတွေ ထပ်ခါထပ်ခါ မနာစေချင်တော့လို့ပါ။ တိုင်းပြည်ကို မထိခိုက်စေချင်တော့ဘူး။ ပြည်သူကို မနာစေချင်တော့ဘူး။ ဒါဟာ လက်ရှိ ပါတီခေါင်းဆောင်နဲ့ ပါတီဝင်တွေရဲ့ ဆန္ဒဖြစ်ပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ဒုတိယအကြိမ်လွှတ်တော်ကြီးကျမှသာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဘယ်သူ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဘယ်ဝါ။ ဒုတိယသမ္မတလောင်း ၃ ဦးက ဒီပုဂ္ဂိုလ်တွေ။ မဲခွဲလို့ သမ္မတဖြစ်လာမယ့်သူက ရွေးချယ်ခန့်ထားမယ့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကတော့ ဒီလို အရည်အချင်းနဲ့ ပြည့်စုံသူတွေဆိုတာကို သိရှိကြရမှာဖြစ်ပါတယ်။

အချိန်တစ်လကျော်ကျော်လေးကို ကျွန်တော်တို့တွေ စိတ်ရှည်သည်းခံကြပါစို့။ အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေဖို့အတွက် နှစ်ဖက်ပုဂ္ဂိုလ်များအကြားမှာ ကျွန်တော်တို့မသိနိုင်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိနေနိုင်ပါတယ်။ အချိန်တစ်ခုကို စောင့်ဆိုင်းနေရတာဟာ လိုအပ်ချက်အရဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ခွင့်လွှတ်ပေးကြရမှာ ဖြစ်ပါတယ်။

ရဲမင်းဦး
The Ladies News Journal
https://www.facebook.com/News.TheLadies
စိတ်ရှည်ကြပါ မောင်တို့မယ်တို့  စိတ်ရှည်ကြပါ မောင်တို့မယ်တို့ Reviewed by THITHTOOLWIN on 15:59 Rating: 5
Powered by Blogger.