မဲဆွယ်စည်းရုံးရေးအသုံးစရိတ် မတင်ပြမှု ကော်မရှင်ခေါ်ယူ စစ်ဆေး

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/RFA
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်တွေကို တင်သွင်းဖို့ ပျက်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇ဝ ကျော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ပြီး တင်သွင်းဖို့ ပျက်ကွက်သူတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ဒီနေ့ ခေါ်ယူစစ်ဆေးတယ်လို့ သိရပါတယ်။

တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ရန်ကုန်တိုင်းဒေသကြီးက ကိုယ်စားလှယ်လောင်း ၃၄ ဦးကို ဒီနေ့ ခေါ်ယူစစ်ဆေးတာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးအဖွဲ့ဝင် ဦးညွန့်တင် က ပြောပါတယ်။

"ရန်ကုန်က ငွေစာရင်းမတင်တဲ့ ပျက်ကွက်တဲ့အမှုပေါ့နော် ၃၄ မှု၊ ခရိုင်ကော်မရှင်မှာ သူတို့က ငွေစာရင်း တင်ဖို့ ပျက်ကွက်တာပေါ့နော်၊ သူတို့ကို အရည်အချင်းပျက်ယွင်းတယ်လို့ သတ်မှတ်ဖို့ဆိုပြီးတော့ ခရိုင်ကော်မရှင်ကနေပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အစီရင်ခံတာပေါ့နော် ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြခွင့်ပေးတာပေါ့၊ သူတို့အကြောင်းပြခွင့်မရပဲနဲ့ မဆုံးဖြတ်ဘူးလေ၊ ဒီနေ့ ကိုယ်စားလှယ်လောင်းက ၁၃ ဦးလာတယ်၊ သူတို့ကို အရည်အချင်းပျက်ယွင်းတယ် လို့ မသက်မှတ်သင့်ဘူးလို့ သူတို့အကြောင်းပြသွားတာပေါ့"

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို တစ်နေ့စီ ခေါ်ယူ စစ်ဆေးမှာဖြစ်ပြီး ဘာကြောင့် အသုံးစရိတ်စာရင်း မတင်ပြနိုင်တာလဲဆိုတာကို ရှင်းပြခိုင်းတာဖြစ်တယ်လို့ သိရပါတယ်။

ကချင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက ကိုယ်စားလှယ်လောင်း ၁၇ဝ ကျော်ဟာ မဲဆွယ်စည်းရုံးရေးအသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်ခဲ့ပြီး ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီမှာ ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ၅ ဦးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၃ ဦး ပါဝင်ပါတယ်။

အဲ့ဒီကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က အများဆုံးဖြစ်ပြီး အမျိုးသားတိုးတက်ရေးပါတီက ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီကိုယ်စားလှယ်လောင်းတွေကို စစ်ဆေးပြီးနောက် လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ဘယ်သူတွေကို အရည်အချင်းပျက်ယွင်းတဲ့စာရင်းမှာ ထုတ်ပြန်ကြေညာမလဲဆိုတာကို ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ခုံရုံးက ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

အဲ့ဒီလိုအရည်အချင်းပျက်ယွင်းတဲ့စာရင်းမှာ ပါသွားတဲ့သူတွေဟာ နောက်ရွေးကောက်ပွဲတစ်ကြိမ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ဘူးလို့ ရွေးကောက်ပွဲဥပဒေမှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
မဲဆွယ်စည်းရုံးရေးအသုံးစရိတ် မတင်ပြမှု ကော်မရှင်ခေါ်ယူ စစ်ဆေး  မဲဆွယ်စည်းရုံးရေးအသုံးစရိတ် မတင်ပြမှု ကော်မရှင်ခေါ်ယူ စစ်ဆေး Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.