ကချင်ပြည်နယ်အတွင်း ဘိန်းတိုက်ဖျက်ရေး လုပ်နေသည့် ပြည်သူများ နယ်ခြား စောင့်နှင့် ပြည်သူ့စစ်ဒေသတွင် သေနတ် တုတ် ဓားများဖြင့် အုပ်စုဖွဲ့ခြိမ်းခြောက်ခံရ


အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ဦးဆောင်၍ ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင်မှုဖြင့် ကချင်ပြည်နယ်အတွင်း ဘိန်းတိုက်ဖျက်ရေးနှင့် ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့် ဆောင်ရွက်နေရာ ဆဒုံး ၊ ကန်ပိုက်တီ စသည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်များ ကြီးစိုးရာ ဒေသများတွင် အုပ်စုလိုက် တုတ် ၊ ဓား ၊ သေနတ်စသော လက်နက်ကိုင် လူစုများက ဘိန်းခင်းဖျက်ရန် လာသည့် ပြည်သူများအား ယခု ရက်ပိုင်း အတွင်း ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဘိန်းတိုက်ဖျက်ရေး လုပ်ငန်း ဦးဆောင်နေသူများထံမှ သိရသည်။

" ကျွန်တော်တို့ လာမယ်ကြားတာနဲ့ လူအုပ်တွေလိုက် လက်နက်တွေ ကိုင်ဆောင်ပြီး စောင့်နေတယ်လို့ ဒေသခံတွေက သတင်းပို့တယ် ၊ ဓာတ်ပုံတွေကို အင်တာနက်ကနေ ပို့ပေးတယ်။ ဆဒုံး ၊ ကန်ပိုက်တီစတဲ့ ပြည်သူ့စစ်တွေ နယ်ခြားစောင့်နဲ့ အစိုးရတပ်တွေပဲ ရှိတဲ့ ဒေသတွေမှာပါ " ဟု လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးတန်ဂွန်းက The Ladies News သို့ ပြောသည်။

The Ladies News မှ လက်ခံရရှိထားသော သတင်းဓာတ်ပုံများတွင် တုတ်၊ ဓား ၊ လက်နက်များ ကိုင်ဆောင်ထားသည့် လူအုပ်စုအချို့က စောင့်နေသည်ကို တွေ့ရသည်။

"တူမီးသေနတ်တွေနဲ့ ကန်ပိုက်တီ လမ်းမအောက်ဘက် ဘိန်းခင်းတွေ ဆင်းတဲ့နေရာမှာ မနေ့ကလည်း စောင့်နေကြတယ်။ ပြည်သူ့စစ်တွေလည်း ပါတယ်။ အစိုးရနဲ့နီးတဲ့ အဖွဲ့တွေပဲ ရှိနေတဲ့ နေရာမှာ ဒီလိုဖြစ်နေတာ မသင့်တော်ဘူး " ဟု ဦးတန်ဂွန်းက ပြောသည်။

ဦးဇခုံတိန့်ယိန်း၏ နယ်ခြားစောင့်တပ် ဌာနချုပ်မှာ ချီဖွေ ( ပန်ဝါ) တွင် ရှိပြီး ဆဒုံး ၊ ကန်ပိုက်တီ လမ်း တစ်လျှောက်တွင်လည်း ရှိနေပြီး ၄င်းတပ်ဖွဲ့နှင့် တိုက်ရိုက် ပတ်သက်ခြင်း ရှိမရှိကိုမူ စုံစမ်းရဦးမည်ဟု ဦးတန်ဂွန်းက ဆက်ပြောသည်။

ကချင်ပြည်နယ် ဒေသခံများမှ ဦးဆောင်သည့် ဘိန်းခင်းများ ဖျက်ဆီးရေး လုပ်ငန်းစဉ်ကို ပြီးခဲ့သည့် ဇန်န၀ါရီ ပထမအပတ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ချီဖွေ ၊ မချမ်းဘော ၊ တနိုင်း စသည့် ဒေသများတွင် ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တနိုင်းဒေသ ဘိန်းခင်းဖျက်ရန် သွားသည့် ပြည်သူတစ်ဦးမှာ သေနတ်ဖြင့်
ချောင်းမြောင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

"အခုလည်း တနိုင်းဘက်မှ အခင်းတွေ လာမဖျက်ဖို့ စာတွေ လိုက်ဝေနေတယ်။ သွားတဲ့ လူတွေကိုလည်း ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ကျန်တော်တို့ ကချင်ပြည်နယ်က ဘိန်းစိုက်တဲ့ပြသ၁နာ သုံးစွဲတဲ့ ပြသ၁နာ စိတ်ကြွဆေးပြားပြသ၁နာ ကြီးလာနေတာ ဘယ်လိုလုပ်မလဲ " ဟု ဦးတန်ဂွန်းက မေးခွန်းထုတ်သည်။

ကချင်ပြည်နယ်အတွင်း မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစ၍ အရပ်ဘက် အဖွဲ့အစည်းများက ဦးဆောင်ပြီး ဘိန်းဖျက် စခန်းများ တည်ထောင်ကာ မူးယစ်ဆေး စွဲနေသူများအား ဆေးဖြတ်ပေးခြင်း လုပ်ငန်းများဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မှ ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။

The Ladies News Journal
https://www.facebook.com/News.TheLadies
ကချင်ပြည်နယ်အတွင်း ဘိန်းတိုက်ဖျက်ရေး လုပ်နေသည့် ပြည်သူများ နယ်ခြား စောင့်နှင့် ပြည်သူ့စစ်ဒေသတွင် သေနတ် တုတ် ဓားများဖြင့် အုပ်စုဖွဲ့ခြိမ်းခြောက်ခံရ  ကချင်ပြည်နယ်အတွင်း ဘိန်းတိုက်ဖျက်ရေး လုပ်နေသည့် ပြည်သူများ နယ်ခြား စောင့်နှင့် ပြည်သူ့စစ်ဒေသတွင် သေနတ် တုတ် ဓားများဖြင့် အုပ်စုဖွဲ့ခြိမ်းခြောက်ခံရ Reviewed by THITHTOOLWIN on 15:01 Rating: 5
Powered by Blogger.