ဦးဇော်မျိုးညွှန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် တစ်နှစ်ချမှတ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ပုံကို အင်တာနက် ဖေ့စ်ဘွတ်လူမှု ကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေတာကြောင့် ဦးဇော်မျိုးညွှန့်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တို့နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ပါတယ်။

ဆက်သွယ်ရေးပုဒ်မအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မအတွက် ထောင်ဒဏ် ၆ လ စုစုပေါင်း တစ်နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဦးဇော်မျိုးညွှန့်ရဲ့ ရှေ့နေ ဦးမြင့်သန်းက ပြောပါတယ်။

"ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)က အလုပ်နဲ့ ထောင်ဒဏ် ၆ လ၊ ပြစ်မှုပုဒ်မ ၅ဝ၅(ခ)ကလည်း အလုပ်နဲ့ထောင်ဒဏ် ၆ လချလိုက်ပါတယ်၊ ချုပ်ရက်ခံစားခွင့်ကတော့ ဥပဒေအရကတော့ ၁ မှုပဲချုပ်ရက် ထုတ်နှုတ်ခံစားခွင့်ပေးတာပေါ့နော်၊ အခုဟာက ၆ လစီဆိုတော့ သီခြားအနေနဲ့ ၁ နှစ်ကျခံရမယ့် သဘောပါခင်ဗျ၊ ရုံးတော်ကတော့ ပြစ်မှုထင်ရှားတွေ့ရှိတယ်လို့ သုံးသပ်ပြီးတော့ အခုလိုအပြစ်ပေး လိုက်တာပေါ့နော်"

အဲ့ဒီပုံကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃ဝ ရက်နေ့က ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့အတွက် ဦးဇော်မျိုးညွန့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုလုပ် တိုင်ကြားတာဖြစ်ပြီး အောက်တိုဘာလက ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကိုပြုပြင်ပြီး ဖေ့စ်ဘွတ်မှာတင်ခဲ့တာကြောင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်က ချစ်သမီးခေါ် ချောစန္ဒီထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်က ဦးပက်ထရစ်ခွန်ဂျာလီတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ( ဃ) နဲ့ သက်ဆိုင်ရာတရားရုံးတွေက ထောင်ဒဏ် ၆ လ စီ အမိန့်ချမှတ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးဇော်မျိုးညွှန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် တစ်နှစ်ချမှတ်  ဦးဇော်မျိုးညွှန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် တစ်နှစ်ချမှတ် Reviewed by THITHTOOLWIN on 05:01 Rating: 5
Powered by Blogger.