ကန်အရှေ့ကမ်းရိုးတန်းမှာ အရေးပေါ် အခြေအနေ ကြေညာ

ဝါရှင်တန် ဒီစီမှာ နှင်း ၆၀ စင်တီမီတာအထိ ကျရောက်နိုင် (Credit: Reuters) 
အမေရိကန်နိုင်ငံ ​အရှေ့မြောက်ဘက် ​ကမ်းရိုးတန်း ​ဒေသမှာ ​ပါဝင်တဲ့ ​ဝါရှင်တန် ​ဒီစီ ​မြို့တော်မှာ ​နှစ်ပေါင်း ​၁၀၀ ​နီးပါးအတွင်း ​အဆိုးဝါးဆုံး ​နှင်းမုန်တိုင်း ​ကျရောက်နိုင်လို့ ​အရေးပေါ် ​အခြေအနေ ​ကြေညာထားပါတယ်။

၆၀ ​စင်တီမီတာလောက်အထိ ​ထူတဲ့ ​နှင်းတွေ ​ကျရောက်ဖို့ ​ရှိပြီး ​ဝါရှင်တန်ပြီးရင် ​နယူးယောက်ဘက်ကို ​ကျရောက်မယ်လို့ ​ခန့်မှန်းထားတဲ့အတွက် ​တချို့ပြည်နယ်မှာ ​အရေးပေါ် ​အခြေအနေ ​ကြေညာထားတာပါ။

အနည်းဆုံး ​ပြည်နယ် ​၁၅ ​ခုလောက်မှာ ​နှင်းတွေ ​ကျရောက်ဖို့ ​ရှိပြီး ​ဝါရှင်တန်ကတော့ ​အဲဒီ ​ဒဏ်ကို ​သောကြာနေ့မှာ ​ပထမဆုံး ​ခံရမှာ ​ဖြစ်ပါတယ်။

နှင်းထူထပ်မှုနဲ့အတူ ​လေတွေလည်း ​တိုက်မှာ ​ဖြစ်လို့ ​အန္တရာယ် ​ရှိနိုင်ပြီး ​ဖြစ်နိုင်ရင် ​သောကြာနဲ့ ​စနေနေ့မှာ ​ခရီးသွားတာမျိုး ​မလုပ်ဖို့ ​သတိပေးထားပါတယ်။

နှင်းတွေကို ​ကော်ထုတ်ဖို့ ​ယာဉ်ပေါင်း ​ရာနဲ့ချီကို ​ပြင်ဆင်ထားသလို ​တန်ချိန်ပေါင်းသိန်းနဲ့ချီတဲ့ ​ဆားတွေနဲ့ ​ဆားဖြူးပေးမယ့် ​စက် ​ရာနဲ့ချီကိုလည်း ​ကြိုတင်ပြင်ဆင် ​ထားပြီလို့ ​ဆိုပါတယ်။

ဆားဓာတ်တွေဟာ ​ရေခဲတွေကို ​အရည်ပျော်စေသလို ​ပျော်သွားတဲ့ ​အရည်ကိုလည်း ​ပြန်မခဲစေတဲ့အတွက် ​နှင်းထူထပ်တဲ့ ​ဒေသမှာ ​အသုံးများတာ ​ဖြစ်ပါတယ်။

အအေးလွန်မှုကြောင့် ​အပြင်မထွက်ဖို့ ​သတိပေးထားသလို ​နှင်းတွေကြောင့် ​လမ်းတွေ ​ချော်တဲ့အတွက် ​သတိထား ​သွားလာဖို့လည်း ​ပြောဆိုထားပါတယ်။

နှင်းတွေ ​၃၆ ​နာရီ ​ဆက်တိုက် ​ကျရောက်မယ့် ​သတင်းကြောင့် ​လူတွေကလည်း ​ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ​ဈေးဝယ်နေကြပြီလို့ ​သိရပါတယ်။

By North America correspondent Michael Vincent, wires
ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်အရှေ့ကမ်းရိုးတန်းမှာ အရေးပေါ် အခြေအနေ ကြေညာ ကန်အရှေ့ကမ်းရိုးတန်းမှာ အရေးပေါ် အခြေအနေ ကြေညာ Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.