၂၀၁၄ ခုနှစ်က ဆန္ဒထုတ်ဖော်မှုဖြင့် ကျောင်းသားလေးဦးကို ပုဒ်မ ၁၈ ဖြင့် နောက်ကြောင်းပြန်တရားစွဲ


ကျောင်းသားလေးဦးအား၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ခွင့်ပြုချက်မယူဘဲ အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ဆန္ဒပြမှုဖြင့် သန်လျင်မြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် ၂၀၁၆ ခုနှစ်တွင် ပြန်လည် အမှုဖွင့် အရေးယူလိုက်ကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းသားလေးဦး ဖြစ်သည့် ကိုမင်းသွေးသစ်၊ ကိုရဲမင်းဦး၊ မပိုပို၊ မတင်တင်ခိုင် တို့သည် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ရှေ့တွင် ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော် ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုကြောင်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် သန်လျင်မြို့မ ရဲစခန်းက အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

“အစိုးရက ကျောင်းသားတွေကို ဘာသဘောနဲ့ တရားစွဲဆိုမှုတွေ လုပ်နေတာလဲ။ ညီမတို့က အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို မကျေနပ်လို့ ဆန္ဒပြတယ်။ အမှန်တရားကို လုပ်တာပဲ။ ညီမက ပြည်သူဆိုတော့ အစိုးရက တရားစွဲရင်လည်း ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ” ဟု တရားစွဲခံရသူ မပိုပိုက ပြောသည်။

ပုဒ်မ ၁၈ ဖြင့် နောက်ကြောင်းပြန် တရားစွဲခံရသည့် ကိုမင်းသွေးသစ်သည် သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းတွင် ပါဝင်ဆန္ဒပြသည့် အတွက် လက်ပံတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ၊ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅ ၊ ပုဒ်မ ၁၄၇ ၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် လက်ရှိတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

“အုပ်ချုပ်ရေးပိုင်းက အပြောင်းအလဲ ပြုလုပ်ခါနီးမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို လွှတ်ပေးမယ် ထင်တာ။ အခုတော့ ပုဒ်မတွေ ဆက်တိုက် တိုးနေတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးလို့ ပြောပေမယ့် ဆန္ဒပြတဲ့ ကျောင်းသားတွေမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ မကြုံရသလို ကောင်းမွန်တဲ့ တရားစီရင်ရေးနဲ့လည်း မကြုံရဘူး ဖြစ်နေတယ်။ အစိုးရ ပြောင်းလဲခါနီးတောင် တရားစွဲဆိုမှုတွေ ဆက်တိုက် လုပ်နေတာကို အံသြလို့ မဆုံးဘူး” ဟု တရားလွှတ်တော် ရှေ့နေ ဦးဌေးက ပြောသည်။

မပိုပို နှင့် မတင်တင်ခိုင် တို့မှာ ၂၀၁၅ ခုနှစ် မတ်လ ၁၀ နေ့တွင် လှည်းတန်းဈေးအနီးမှ စိုက်ပျိုးရေး မှတ်တိုင်အထိ ခွင့်ပြုချက်မရှိဘဲ လမ်းလျှောက် ဆန္ဒပြသည့်အတွက် ပုဒ်မ ၁၈ ၊ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅ ၊ ပုဒ်မ ၁၄၇ ၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် သန်လျင်- ခရမ်းကားလမ်းမတွင် အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ဗကသမှ ကိုမင်းသွေးသစ်၊ ကိုရဲမင်းဦး၊ မပိုပို၊ မတင်တင်ခိုင်တို့ကို သန်လျင်မြို့မှ ရဲစခန်းမှ တရားစွဲဆိုမှုပြုရန် အကြောင်းကြားစာတွင် ပါဝင်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
၂၀၁၄ ခုနှစ်က ဆန္ဒထုတ်ဖော်မှုဖြင့် ကျောင်းသားလေးဦးကို ပုဒ်မ ၁၈ ဖြင့် နောက်ကြောင်းပြန်တရားစွဲ ၂၀၁၄ ခုနှစ်က ဆန္ဒထုတ်ဖော်မှုဖြင့် ကျောင်းသားလေးဦးကို ပုဒ်မ ၁၈ ဖြင့် နောက်ကြောင်းပြန်တရားစွဲ Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.