ဒဂုံဆိပ်ကမ်းတွင် ကျူးကျာ်နေထိုင်သူများအား အင်အားသုံးဖျက်ဆီး


ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ မြေကွက်အမှတ် ၇၂ ရှိ ကျူးကျော်နေအိမ်များကို ဇန်န၀ါရီလ ၂၃ ရက်နေ့ (ယနေ့) နံနက်အစောပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လူအင်အားသုံး ဖယ်ရှားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့နံနက်ပိုင်း ဖယ်ရှားမှုတွင် လူအင်အား နှစ်ရာကျော်နှင့် စက်ယန္တရားများ အသုံးပြုကာ ဆောက်လုပ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ၀န်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများက ကျူးကျော်တဲများ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးထားကြောင်း သိရသည်။

မြေကွက်အမှတ် ၇၂ တွင် ဖျက်ဆီးခံရသည့် တဲအလုံးပေါင်း တစ်ရာနီးပါးရှိကာ အဆိုပါနေရာတွင် နေထိုင်သူများမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်မှ နေထိုင်ကြသည့် လယ်သမားများ ပါဝင်ပြီး နေအိမ်တဲများအား ဖျက်ဆီးမှုနှင့်ပက်သက်၍ မဖျက်မီ အချိန်နာရီဝက်ခန့်သာ ရွှေ့ပြောင်းရန် အချိန်ပေးခဲ့ကြောင်း ဖျက်ဆီးခံရသူများကပြောသည်။

"ကျွန်တော်တို့ ဒီနေရာမှာ နေလာတာ ဆယ်နှစ်ကျော်ပါပြီ ။ ပြောင်းပေးပို့ နေရာ မရှိတဲ့အတွက် ဘယ်ကိုသွားလို့ သွားရမှန်း မသိသေးပါဘူး။ ဒီမှာ လယ်လုပ်လာတာ ၁၅ နှစ်လောက်ရှိပြီ ။ မိသားစုက ခြောက်ယောက် ရှိပါတယ် ။ သွားစရာမရှိတော့ ဒီနေရာမှာပဲ ဆက်နေရမှာပဲ ။ ဖမ်းလည်း မတတ်နိုင်ဘူး " ဟု နေအိမ်တဲ ဖျက်ဆီးခံရသူတစ်ဦး ဖြစ်သူ ဦးကျော်အောင်က ပြောသည်။

ယခုလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျောက်တန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် အပါအ၀င် မြို့နယ်အချို့ရှိ ကျူးကျော် နေထိုင်သူများအား ၄င်းတို့နေထိုင်ရာ ကျူးကျော် ဧရိယာအတွင်းမှ ဖယ်ရှားပေးရန် အကြောင်းကြားစာများပေးပို့ထားပြီး ဖယ်ရှားခြင်း မရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၈၈ အရ အင်အားသုံး
ဖယ်ရှားမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားမ၀င် ကျူးကျော်နေထိုင်သူ လူဦးရေ သုံးသိန်းကျော်ရှိကြောင်း လေ့လာမှု စစ်တမ်းများအရ သိရှိရပြီး ၊ အဆိုပါ ကျူးကျော်နေထိုင်သူ အများစုမှာ နာဂစ်မုန်တိုင်းအပြီး နယ်ဒေသ အသီးသီးမှ ရွှေ့ပြောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးမင်းပိုင်
Photo - ဥာဏ်လင်းထက် FB
The Ladies News Journal
https://www.facebook.com/News.TheLadies
ဒဂုံဆိပ်ကမ်းတွင် ကျူးကျာ်နေထိုင်သူများအား အင်အားသုံးဖျက်ဆီး  ဒဂုံဆိပ်ကမ်းတွင် ကျူးကျာ်နေထိုင်သူများအား အင်အားသုံးဖျက်ဆီး Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.