ဆိုင်ဖောက်ထွင်းမှုနှင့် ပတ်သက်၍ သံတွဲတွင် အထက်တန်းကျောင်းသား ၅ ဦးထိန်းသိမ်းခံရ


နိရဉ္စရာ၊ ဇန်န၀ါရီ ၃၁

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဘော်ဒါဆောင် တစ်ခုမှ အထက်တန်းကျောင်းသား ၅ ဦးကို ဆိုင်ဖောက်ထွင်းမှုနှင့် ပတ်သက်၍ ရဲက ခေါ်ယူ ထိန်းသိမ်းထားသည်ဟု သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ ခေတ္တ ခေါ်ယူ ထိန်းသိမ်းထားပါတယ်။ ခိုးမှုပါဘဲ။ မနက်ဖြန် အမှုကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေပါ။ ၁၅နှစ် ၁၆ နှစ်အရွယ်တွေပါ” ဟု သံတွဲရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဇန်န၀ါရီလ ၃၀ ရက်နေ့ ညဉ့်က သံတွဲမြို့ ဗိုလ်ချုပ်လမ်းရှိ နေလကမ္ဘာ ဈေးဆိုင် ဖောက်ထွင်းခံခဲ့ရပြီးနောက်ပိုင်း ခိုးသူများကို စောင့်ဆိုင်း ဖမ်းဆီးစဉ် ၎င်းကျောင်းသား လူငယ် ၅ ဦးကို ဖမ်းဆီမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ သံတွဲမြို့ ဒွာရာဝတီ ကွက်သစ် ပညာ့ဗိမာန် ဘော်ဒါဆောင်မှ ၉ တန်းကျောင်းသား သုံးဦးဖြစ်ကြသည့် သံတွဲမြို့ အမှတ် (၁) ရက်ကွက်မှ မောင် +++၊ သံတွဲ အမှတ် (၈) ရပ်ကွက်မှ မောင် ++++ နှင့် +++ တို့ ဖြစ်ကြပြီး ဆယ်တန်းကျောင်းသားနှစ်ဦးမှာ သံတွဲမြို့နယ် မျိုးကွင်းရွာမှ +++ နှင့် ဆင်ခေါင်းကျေးရွာမှ +++ တို့ ဖြစ်ကြသည်။

သူတို့ ၅ ဦးသည် ဆိုင်ကယ်များဖြင့် လာရောက်ပြီး ဆိုင်တံခါးကို ရိုက်ဖျက်ကာ ဘီယာဗူးများ၊ အရက်ပုလင်းများကို ခိုးယူကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးစဉ် အတွင်း ရပ်ကွက်နေလူထု၏ ရိုက်နှက် မှုကြောင့် အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသားတွင် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသွားပြီး ယခုအခါ သံတွဲမြို့နယ်ဆေးရုံကို တင်ထားရသည်။

ဆေးရုံတွင် လူနာ လာစောင့်သော ရဲအား အခြေအနေကို မေးကြည့်ရာ သူ့မှာ ဂျူတီ အသစ်ဖြစ်သဖြင့် ယမန်နေ့က အမှု ဖြစ်ပွားခဲ့ခြင်းကို မသိရှိဟု ဖြေကြားသည်။ မိသားစုများကမှု ဓာတ်ပုံရိုက်ခြင်းကို ခွင့်မပြုခဲ့ပေ။

နေမင်းနိုင် (သံတွဲ)
Arakan State
https://www.facebook.com/NarinjaraNews
ဆိုင်ဖောက်ထွင်းမှုနှင့် ပတ်သက်၍ သံတွဲတွင် အထက်တန်းကျောင်းသား ၅ ဦးထိန်းသိမ်းခံရ  ဆိုင်ဖောက်ထွင်းမှုနှင့် ပတ်သက်၍ သံတွဲတွင် အထက်တန်းကျောင်းသား ၅ ဦးထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.