ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ရပ်တန့်ရေး ဒေသခံများဆန္ဒပြ

တိုက်ပွဲတွေ ရပ်တန့်ရေး မြောက်ဦးမြို့က ဒေသခံတွေ ဇန်နဝါရီ ၁ဝ ရက်နေ့က တောင်းဆိုဆန္ဒပြနေစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်မှာ မြန်မာ့ တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရပ်တန့်ရေးအတွက် ဒေသခံ ၁၀၀၀ လောက် ဒီနေ့ မြောက်ဦးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို နိုင်ငံရေးစားပွဲမှာ ဆွေးနွေး အဖြေရှာဖို့ လိုအပ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်ရာမှာပါဝင်တဲ့ ကိုထွန်းနေဝင်း က ပြောပါတယ်။

"မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသအသီးသီးတွေမှာ လက်နက်ကိုင် အင်အားစုတွေကို အကုန်လုံးငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးတော့ ဒါကို NCA မှာထည့်သွင်း ဆွေးနွေးဖို့ နိုင်ငံရေးအရဆွေးနွေးအဖြေရှာဖို့ ကျနော်တို့ တိုက်တွန်းလိုပါတယ်၊ ဒီတစ်ကြိမ်မဖြစ်ခဲ့ရင်တောင် ၂ဝ၁၆ ခုနှစ်တက်လာမယ့် NLD ဦးဆောင်မယ့် ပြည်ထောင်စုအစိုးရဖြစ်လာတဲ့အခါ သေချာကိုင်တွယ်ပေးပါလို့ ကျနော်တို့ ပြောချင်ပါတယ်"

တိုက်ပွဲတွေဆင်နွှဲနေရင် ငြိမ်းချမ်းရေးကို ရနိုင်မှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း က သယံဇာတတွေကို ပြည်တွင်းစစ်နဲ့ မဖြုန်းတီးဖို့နဲ့ စစ်ပွဲတွေအတွင်း အပြစ်မဲ့ပြည်သူ တွေကို အဓမ္မပေါ်တာ ဆွဲတာတွေမပြုလုပ်ဖို့လိုကြောင်း စတဲ့ အချက်တွေကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့လောက် ကစတင်ပြီး အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

သီတင်းတစ်ပတ်ကျော်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၅၀ ကျော်ဟာ နီးစပ်ရာ ကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်မှာ နိုင်ငံရေးအရ အသိအမှတ်ပြုပေးဖို့ လိုအပ်သလို သူတို့ရဲ့ ခံစားချက်တွေကိုလည်း နားထောင်ပေးဖို့ လိုအပ်တယ်လို့လဲ ပြောကြပါတယ်။

အလားတူပဲ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ အတွက် ကျောက်ဖြူမြို့မှာလည်း ဒေသခံ ၃၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ရပ်တန့်ရေး ဒေသခံများဆန္ဒပြ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ရပ်တန့်ရေး ဒေသခံများဆန္ဒပြ Reviewed by THITHTOOLWIN on 04:15 Rating: 5
Powered by Blogger.