မင်္ဂလာဈေး သစ် ပြန်ဆောက်ပေးရေး လွှတ်တော်မှာ တင်ပြမည်


မီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးသစ်ကို ဈေးသူ၊ ဈေးသားတွေရဲ့ဆန္ဒအတိုင်း တည်ဆောက်ပေးဖို့အတွက် ဇန်နဝါရီလ ၃ဝ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေဝါရောင် ပညာဒါနကျောင်း (ရွှေတောင်ကျောင်း)မှာ သတင်းစာရှင်းလင်းပွဲမှာပြုလုပ်စဉ် Photo:Aung Thain Kha/RFA
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးသစ်ကို ဈေးသူ၊ ဈေးသားတွေရဲ့ ဆန္ဒအတိုင်းတည်ဆောက်ပေးဖို့အတွက် ဖေဖော်ဝါရီလမှာ စတင်မယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေဝါရောင် ပညာဒါနကျောင်း (ရွှေတောင်ကျောင်း)မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်မှာ အဆိုတစ်ရပ်အနေနဲ့ တင်သွင်းမယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

"ကျနော်တို့ ၂ ပိုင်းပေါ့၊ အခုကတော့ ကြားကာလပေါ့၊ ကြားကာလ ၈ ရက်နေ့ကတော့ ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သက်တမ်းစတယ်ပေါ့၊ ကျနော်တို့ အလုပ်စလုပ်ရမယ်လေ၊ ဒါပေမဲ့ အဲ့ဒီအချိန်မှာ အစိုးရအနေနဲ့က လက်ရှိအစိုရပဲရှိဦးမယ်၊ လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပဲရှိမယ်၊ ဒီကာလမှာတော့ ကျနော်တို့က သူတို့ကိုပဲ ဆက်တင်ပြပြီး သူတို့ကိုပဲပြောရမယ်၊ အစိုးရရဲ့သက်တမ်းကုန်သွားပြီဆိုတာနဲ့ အစိုးသစ်တစ်ရပ်ထွက်လာမယ်၊ အစိုးရသစ်တစ်ရပ်ထွက်လာခဲ့ရင်လည်း ဆိုင်ခန်းရှင်တွေ ဖြစ်ချင်တဲ့ဆန္ဒကို အစိုးရသစ်ကိုလည်း ကျနော်တို့က တင်ပြရမှာပဲ၊ ကျနော်တို့ကိုယ်စားလှယ်ရဲ့ တာဝန်ဆိုတာက ဒီဘက်က ပြည်သူလူထု လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ကျနော်တို့က လွှတ်တော်ထဲမှာတင်မယ်၊ ကျနော်တို့တင်တဲ့အဆိုကို ရအောင်ဆောင်ရွက်ပေးရမှာ ကျနော်တို့ ကိုယ်စားလှယ်ရဲ့ တာဝန်ပါ"

ဒါ့အပြင် မီးလောင်ဆုံးရှုံးသွားခဲ့တဲ့ ဈေးသည်တွေရဲ့ သဘောထားလက်မှတ်ပေါင်း ၁ဝဝဝ ကျော်ကိုလည်း လက်ရှိအစိုးရကို ပေးပို့သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ပြည်ထောင်စုအစိုးရကို ပေးပို့သွားမယ်လို့ မင်္ဂလာဈေးဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

မင်္ဂလာဈေး မီးလောင်မှုကြောင့် တန်ဖိုး ကျပ်သိန်းပေါင်း ၃ သိန်း ၆ သောင်းကျော်ဖိုး ဆုံးရှုံးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၆ဝဝ ကျော် ပျက်စီးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မင်္ဂလာဈေး သစ် ပြန်ဆောက်ပေးရေး လွှတ်တော်မှာ တင်ပြမည် မင်္ဂလာဈေး သစ် ပြန်ဆောက်ပေးရေး လွှတ်တော်မှာ တင်ပြမည် Reviewed by THITHTOOLWIN on 04:47 Rating: 5
Powered by Blogger.