ပါကစ္စတန်တက္ကသိုလ် တိုက်ခိုက်ခံရမှု လူ ၂၅ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်အနောက်မြောက်ပိုင်းက တက္ကသိုလ်မှာ ဒီကနေ့ တိုက်ခိုက်မှုဖြစ်။
ပါကစ္စတန်နိုင်ငံ၊ အနောက်မြောက်ပိုင်းက တက္ကသိုလ်တခုကို သေနတ်တွေ၊ ဗုံးတွေနဲ့ ဒီကနေ့ တိုက်ခိုက်တာမှာ လူ ၂၅ ယောက် ထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေနဲ့   ဆေးရုံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက်သမား ၄ ယောက်ပါတဲ့အဖွဲ့တဖွဲ့ဟာ Charsadda မြို့က Bacha Khan တက္ကသိုလ်ကို ဒီကနေ့မနက် ၉ နာရီလောက် မှာ အတင်းဝင်လာပြီး ကျောင်းသားတွေနဲ့ ဆရာတွေကို ပစ်ခတ်ကြတာလို့ လုံခြုံရေးပိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

တက္ကသိုလ်ကို တိုက်ခိုက်သူတွေထဲမှာ အသေခံဗုံးခွဲသူ နှစ်ဦးထက်မနည်းပါတယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဒုတိယစုံစမ်းစစ်ဆေး ရေးမှူးချုပ် Saeed Wazir Khan ကပြောပါတယ်။ တက္ကသိုလ်ကို တိုက်ခိုက်တဲ့ကိစ္စ သူတို့နဲ့ဘာမှမဆိုင်ဘူးလို့ ပါကစ္စတန် တာလီဘန်အဖွဲ့ပြောခွင့်ရ Mohammad Khorasani က ပြောပါတယ်။ စစ်ဘက်နဲ့မဆိုင်တဲ့ အဖွဲ့အစည်းတွေဟာ သူတို့ပစ်မှတ် ထားတဲ့ စာရင်းထဲမှာ မပါဘူးလို့ ဆိုပါတယ်။ ဒီကနေ့ တိုက်ခိုက်မှုဟာ အစ္စလာမ် Shariah တရားဥပဒေနဲ့ ဆန့်ကျင်တယ်လို့ ဗွီအိုအေကိုပို့တဲ့ ထုတ်ပြန်ချက်တခုထဲမှာ Khorasani က ပြောထားပါတယ်။

ကွန်မန်ဒိုတပ်သားတွေအပါအ၀င် စစ်တပ်က တိုက်ခိုက်သူလေးဦးကို သုတ်သင်ခဲ့ပြီး တနေရာပြီးတနေရာ အဆင့်ဆင့် ရှင်းလင်း ပြီးတဲ့နောက် တက္ကသိုလ်ဝင်းတခုလုံးကို အန္တရာယ်ကင်းသွားအောင် လုပ်ခဲ့တယ်လို့ ပါကစ္စတန်စစ်ဘက်ပြောခွင့်ရ Asim Bajwa ကပြောပါတယ်။ လောလောဆယ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်ခ်မြို့မှာရောက်နေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif က ဒီ သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုကိုရှုတ်ချပြီး ၀မ်းနည်းဖွယ်ဖြစ်ရပ်အတွက် အလွန်အမင်းကြေကွဲရပါတယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ပါကစ္စတန်တက္ကသိုလ် တိုက်ခိုက်ခံရမှု လူ ၂၅ ဦးထက်မနည်း သေဆုံး  ပါကစ္စတန်တက္ကသိုလ် တိုက်ခိုက်ခံရမှု လူ ၂၅ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.