ကျူးကျော်နေထိုင်သူတွေ ဖယ်ရှားပေးဖို့ ကျောက်တန်းမှာ ဆန္ဒပြ

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ကျူးကျော်တဲအိမ်တွေကို ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ Photo:Htet Arkar/RFA
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်က ရပ်ကွက်တချို့မှာ ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ ရာနဲ့ချီတဲ့ ကျောက်တန်းမြို့နယ် ဒေသခံတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။

ကျောက်တန်းမြို့နယ်မှာ ကျူးကျော်နေထိုင်ကြသူတွေဟာ အုပ်စုဖွဲ့ရမ်းကားမှုတွေ ရှိတာကြောင့် အမြဲတမ်း အထိတ်တလန့် ဖြစ်နေရတဲ့အတွက် ဖယ်ရှားပေး ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမျိုးဝင်းက ပြောပါတယ်။

"လူစုံ၊ စရိုက်စုံတွေဖြစ်လာရင် အခုရောင်းတဲ့သူတွေကရောင်းလိုက်တော့မှာလေ၊ လက်ညှိုးထိုးပြီးရောင်း သွားတာ၊ နောက်ပိုင်းမှာ အမှုအခင်းတွေက အခုနောက်ပိုင်း Facebook တွေမှာတက်နေတာ အမှုအခင်းတွေက တော်တော်များတယ်၊ သူတို့မှာ လူမိုက်ဆန်ဆန်တွေပါလာတယ်၊ ညဖက် သူတို့လုံခြုံရေးပေါ့၊ ဓါးတွေဘာတွေ ကိုင်ဆောင်ပြီးတော့ စောင့်တာတွေရှိတယ်၊ မီးထွန်းရင်မကြိုက်ဘူး၊ ညရေးညတာတော့ မသွားတာအကောင်းဆုံးပဲ၊ နေ့တိုင်းကို တစ်ရက်ကိုတစ်ရက်ဆိုသလောက် တိုးတိုး လာတယ်၊ ၁၃ ရက်နေ့မှာ ဒေသန္တာရအမိန့် ထုတ်လိုက်တယ်ပေါ့၊ အခု ၃ ရက်တော့ ပြည့်သွားပြီ၊ ဘာမှတော့မထူးသေးဘူး"

ကျေက်တန်းမြို့နယ် စံချိန်မှီ အနောက်ပိုင်းရပ်ကွက်၊ ရွှေပြည်သာယာ၊ အေးမြသီတာနဲ့ သီတာမြိုင်ရပ်ကွက်တွေမှာ ကျူးကျော်နေထိုင်တဲ့ တဲအလုံးရေ တစ်ထောင်ကျော်လောက်ရှိမယ်လို့ ခန့်မှန်းပြောပါတယ်။

တဲထိုးနေတဲ့နေရာတွေဟာ အစိုးရ အိုးအိမ်ဦးစီးဌာနပိုင်မြေ၊ အစိုးရဌာနဆိုင်ရာပိုင်မြေ၊ သီလဝါ အထူးစီးပွားရေး ဇုန်မြေနဲ့ မြေလွတ်မြေရိုင်းတွေဖြစ်ပြီး ကျူးကျော် တဲတွေဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကျူးကျော်နေထိုင်သူတဲတွေကို အမြန်ဆုံးဖယ်ရှာပေးဖို့ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇန်နဝါရီ ၁၃ ရက်နေ့မှာ ဒေသန္တာရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ကျူးကျော်တဲအားလုံး ၃ ရက်အတွင်း ဖယ်ရှားမပေးရင် ဒေသန္တာရအမိန့် ပုဒ်မ ၁၈၈ နဲ့ အရေးယူမယ် ဆိုတဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျူးကျော်နေထိုင်သူတွေ ဖယ်ရှားပေးဖို့ ကျောက်တန်းမှာ ဆန္ဒပြ  ကျူးကျော်နေထိုင်သူတွေ ဖယ်ရှားပေးဖို့ ကျောက်တန်းမှာ ဆန္ဒပြ Reviewed by THITHTOOLWIN on 17:02 Rating: 5
Powered by Blogger.