မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ မိကျောင်း အကောင်ရေ ၁၁၀ ကျော်ရှိ


နေပြည်တော် ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ၂ဝ၁၅ ခုနှစ်က မိကျောင်းစာရင်း နှစ်ကြိမ် ကောက်ယူ ခဲ့ရာ စုစုပေါင်းအကောင်ရေ ၁၁ဝ ကျော်ရှိခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ကောက်ယူသောစာရင်း များအရ သိရသည်။

မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှဝန်ထမ်း ၁၁ ဦးတို့က အဖွဲ့နှစ်ဖွဲ့ခွဲပြီး ၁၆-၁ဝ-၂ဝ၁၅ ရက် မှ ၂၁-၁ဝ-၂ဝ၁၅ ရက် အထိ ခြောက်ရက်ကြာ သတ်မှတ် ချောင်းများအတွင်း တစ်ပြိုင်တည်း မျက်မြင် စာရင်းကောက်ယူခြင်း၊ စာရင်းကောက်ချောင်း များအလိုက် ညပိုင်းဒီရေကျချိန် ရေငန်ဓာတ်တိုင်းတာ ခြင်း၊ GPS စနစ်သုံး၍ တွေ့ရှိသောနေရာ၊ အရွယ်အစား ခန့်မှန်းခြင်း၊ ဓာတ်ပုံမှတ်တမ်းများရယူခြင်း၊ စမှတ်၊ ဆုံးမှတ် အကွာအဝေး မှတ်သားခြင်းစသောနည်းလမ်း စုံဖြင့် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စာရင်းကောက်ယူရာတွင် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက အရွယ်စုံ ၃၁ ကောင်၊ အောက်တို ဘာလက အရွယ်စုံ ၈၂ ကောင်ရှိခဲ့ကြောင်း သိရ သည်။

နှစ်အလိုက် မိကျောင်းစာရင်းကောက်ယူရရှိမှုမှာ ၂ဝ၁၁ ခုနှစ်က ၄၅ ကောင်၊ ၂ဝ၁၃ ခုနှစ်က အရွယ်စုံ ၈၉ ကောင်၊ ၂ဝ၁၄ ခုနှစ်က အရွယ်စုံ ၃၄ ကောင်၊ ၂ဝ၁၅ ခုနှစ်က နှစ်ကြိမ်ကောက်ယူရာတွင် စုစုပေါင်း အရွယ်စုံ ၁၁၃ ကောင်ရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ ထုတ်ပြန် သော စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်အတွင်း မိကျောင်းစာရင်း နှစ်ကြိမ်ကောက်ယူရာတွင် မိကျောင်းအသိုက်လေးခု၊ ဘေးမဲ့တောဧရိယာအတွင်း မိကျောင်းအသိုက် ရှစ်ခုမှ ကိုးခုကြားအထိ ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ အသိုက် ပြုလုပ်ချိန်နှင့် သားပေါက်ချိန် ကြားကာလတွင် မိုးကြီး ခြင်းနှင့် ရေလွှမ်းခြင်းများ အနည်းငယ်ရှိခဲ့သောကြောင့် သားပေါက်ရာခိုင်နှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၏ ထုတ်ပြန်မှုများအရ သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင် နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနအောက်ရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဒီရေတော ပေါက်ရောက်ရာဒေသတွင် သဘာဝအတိုင်းနေထိုင် ကျက်စားလျက်ရှိသည့် ရေချို၊ ရေငန်စပ် မိကျောင်းများ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး၊ သဘာဝကျက်စားရာ ဒေသအတွင်းရှိအကောင်ရေတိုးပွားမှုနှင့် ပျံ့နှံ့ကျက်စားမှု ကို သိရှိနိုင်ရေးနှင့် ဒီရေတောဂေဟစနစ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ မိကျောင်း စာရင်းကို နှစ်စဉ်ကောက်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

(မြန်မာ့အလင်း)
https://www.facebook.com/MYANMAALINNNEWS
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ မိကျောင်း အကောင်ရေ ၁၁၀ ကျော်ရှိ  မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ မိကျောင်း အကောင်ရေ ၁၁၀ ကျော်ရှိ Reviewed by THITHTOOLWIN on 05:32 Rating: 5
Powered by Blogger.