လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုသူလို့ ယူဆရသူကို ရဲတွေသိ

 မြို့ရဲ့ မြို့တော်ဝန် Henriette Reker (Credit: Reuters) 
ဂျာမနီနိုင်ငံ ​Cologne ​မြို့မှာ ​ဖြစ်ခဲ့တဲ့ ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုတဲ့အထဲမှာ ​ပါဝင်တယ်လို့ ​ယူဆရသူ ​၃ ​ဦးကို ​ဂျာမနီရဲတွေက ​ဘယ်သူဘယ်ဝါလည်း ​ဆိုတာ ​သိပေမယ့် ​တရားစွဲဆို ​ဖမ်းဆီးတာမျိုး ​မလုပ်သေးဘူးလို့ ​သိရပါတယ်။

နှစ်သစ်ကို ​ကြိုဆိုတဲ့ ​ညမှာပဲ ​အမျိုးသမီးတွေကို ​လူတစ်စုက ​အဖွယ်မရာ ​ပြုကျင့်တာတွေ ​ဖြစ်ခဲ့တယ်ဆိုတဲ့ ​တိုင်ကြားမှုတွေ ​ထွက်ပေါ်လာပါတယ်။

အမျိုးသမီးအယောက်ပေါင်း ​၁၀၀ ​ကျော်က ​သူတို့ဟာ ​အဲဒီညတုန်းက ​အာရပ်လူမျိုး ​ဒါမှမဟုတ် ​မြောက်အာဖရိက ​တိုက်က ​လူတွေလို့ ​ထင်ရတဲ့ ​အမျိုးသား ​အုပ်စု ​တစ်စုရဲ့ ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုကျင့်မှုတွေ ​ခံခဲ့ရတယ်လို့ ​တိုင်ကြားလာပါတယ်။

အဲဒီလို ​မဖွယ်မရာ ​ပြုတဲ့ ​လူတွေဟာ ​မြောက်အာဖရိက ​ဒါမှမဟုတ် ​အာရပ်လူမျိုး ​သွင်ပြင်ရှိတယ်ဆိုတဲ့ ​တိုင်ကြားမှုကြောင့် ​ဂျာမနီနိုင်ငံမှာ ​ဒုက္ခသည်တွေကို ​လက်ခံတဲ့ ​ပေါ်လစီကို ​ရပ်တန့်သင့်တယ်လို့ ​ပြောဆိုနေကြပါတယ်။

ဂျာမနီ ​အစိုးရကတော့ ​အဲဒီလို ​မဖွယ်မရာ ​လုပ်တဲ့ ​လူတွေဟာ ​မကြာသေးခင်တုန်းကမှ ​ဂျာမနီနိုင်ငံကို ​ရောက်လာတဲ့ ​ခိုလှုံခွင့် ​တောင်းလိုသူတွေ ​ဆိုတာ ​ဘယ်သူမှ ​မပြောနိုင်သေးဘူးလို့ ​တုန့်ပြန်ထားပါတယ်။

Cologne ​မြို့ရဲ့ ​မြို့တော်ဝန် ​Henriette ​Reker ​က ​အမျိုးသမီးတွေအနေနဲ့ ​ပြဿနာ ​မဖြစ်အောင် ​သူစိမ်းတွေနဲ့ ​လက်တစ်ကမ်းအကွာအဝေးကနေ ​ရှောင်ဖို့ ​အကြံပေးတဲ့အတွက် ​ဝေဖန်ခံနေရပါတယ်။

အွန်လိုင်းပေါ်မှာ ​လူတွေက ​မြို့တော်ဝန်အနေနဲ့ ​အမျိုးသမီးတွေကို ​သတိပေးတာမျိုး ​လုပ်မယ့်အစား ​မဖွယ်မရာ ​ပြုတတ်တဲ့ ​လူတွေကိုသာ ​သတိပေးစကားတွေ ​ပြောဆိုဖို့ ​ဝေဖန်နေကြပါတယ်။

လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာမှုတွေ ​ဖြစ်တဲ့အခါ ​မှားတဲ့လူက ​အမျိုးသမီးတွေ ​မဟုတ်ပဲ ​ပြုသူရဲ့ ​အမှားဖြစ်တာကြောင့် ​အဲဒီလူတွေကိုပဲ ​အပြစ်တင်သင့်တယ်လို့ ​ပြောဆိုနေကြပါတယ်။

မြို့တော်ဝန်ကတော့ ​သူ့စကားကို ​မီဒီယာတွေက ​အဆက်အစပ်မရှိ ​သုံးစွဲလို့ ​အခုလို ​နားလည်မှု ​လွဲရတဲ့အကြောင်း ​သူပြောသွားတာက ​လူအများကြီးကြားထဲမှာ ​မိန်းကလေးတွေအနေနဲ့ ​အုပ်စုလိုက် ​နေသင့်တဲ့အကြောင်းကို ​ပြောခဲ့တာလို့ ​တုန့်ပြန်ထားပါတယ်။

အာဏာပိုင်တွေကတော့ ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုကျင့်မှုကို ​ကြိုတင် ​မတားဆီးနိုင်တဲ့ ​လုံခြုံရေးကို ​အပြစ်တင်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုသူလို့ ယူဆရသူကို ရဲတွေသိ  လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုသူလို့ ယူဆရသူကို ရဲတွေသိ Reviewed by THITHTOOLWIN on 13:28 Rating: 5
Powered by Blogger.