မြစ်ကြီးနား- မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထား တိမ်းမှောက်မှု ဖြစ်ပွား



အင်းတော်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် အချိန်တွင် ရထား စက်ခေါင်းမောင်း ဦးဖုန်းနိုင် နှင့် ဂါတ်ဗိုလ် ဦးဝင်းလှိုင်တို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-2041 မြစ်ကြီးနား - မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထားသည် နဘား ဘူတာမှ အင်းတော်ဘူတာသို့ ထွက်ခွာလာစဉ် အင်းတော်မြို့နယ် အ၀င် မိုင်တိုင်အမှတ် (၅၈၇/၁၉) နှင့် (၅၈၇/၂၀)ကြား ရထားလမ်းပေါ်တွင် တွဲအမှတ် GBHAH 40819 ၏ ဘီးအမှတ် ၁ နှင့် ၂ တို့ သံလမ်း၏ အတွင်းသို့ ကပ်ကျပြီး ဘီးအမှတ် ၇ နှင့် ၈ သည် သံလမ်း၏ အပြင်သို့ ကပ်ကျမှု ဖြစ်ပွားခဲ့ရာမှ တွဲလေးတွဲတိမ်းမှောက်ခဲ့ပြီး တွဲတစ်တွဲ လမ်းချော်ခဲ့ကြောင်း သိရသည်။

ရထားတွဲတိမ်းမှောက်ရာနေရာသို့ နဘားတွဲစစ်မှူး ဦးကျော်ညွှန့်နှင့် လုပ်သား(၇)ဦး၊ နဘားလမ်းဗိုလ်လေး ဦးနေတင်ဝင်းနှင့် လုပ်သား(၅)ဦး၊ အင်းတော်ရုံပိုင်ကြီး ဦးတိုးတိုး တို့ သွားရောက်၍ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး လုံခြုံရေးအတွက် နဘား မီးရထားရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ကျော်မိုးနှင့် အဖွဲ့ဝင် (၅)ဦး၊ ဒေသခံ အမှတ် (၃၆)ခြေလျင် တပ်ရင်းမှ အရာရှိ စစ်သည်များက ဆောင်ရွက်လျက်ရှိ ပါသည်။

အဆိုပါ တိမ်းမှောက်မှုကြောင့် တွဲဆိုင်းများ ပျက်စီးခဲ့ပြီး မီးရထားဝန်ထမ်းနှင့် အခြား ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း အင်းတော်ဘူတာ ဒုတိယရုံပိုင်ကြီး ဦးစိုးသူရဇော် ထံမှ သိရှိရသည်။

( ကျော်သီဟ )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



မြစ်ကြီးနား- မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထား တိမ်းမှောက်မှု ဖြစ်ပွား  မြစ်ကြီးနား- မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထား တိမ်းမှောက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 17:30 Rating: 5
Powered by Blogger.