မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦး ပြန်လည်လွတ်မြောက်


နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးကို ဇန်န၀ါရီ ၂၂ ရက် မနက်ပိုင်းက ပြန်လည် လွှတ်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့်စာအရ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေးနန်းအရ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ (၄၀၁/ခ) အရ ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များ အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများထဲမှ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်ဆိုခြင်းကြောင့် လူမှုရေးအရ ငဲ့ညာသောအားဖြင့် လွှတ်ပေးခြင်းဖြစ်ပြီး၊ နိုင်ငံအကျိုး ထမ်းဆောင်နိုင်ရန်အတွက် လွှတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ပြန်လည် လွတ်မြောက်လာသည့် သူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ကျန်ရှိနေသေးသည့် ပြစ်ဒဏ်များကိုပါ ပူးတွဲကျခံရမည်ဖြစ်ကြောင်း သိရသည်။

လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်သူများ စာရင်းတွင် ဇန်န၀ါရီ ၂၂ရက် နံနက်ပိုင်း၌ ပြည်မြို့အကျဉ်းထောင်ကြီးမှ ကိုကျော်ဆန်း ပုဒ်မ (၁၈)၊ ကိုဝဏ္ဏ ပုဒ်မ(၁၈)၊ ကိုတိုးကြီး ပုဒ်မ (၁၈)၊ ကိုပဲပဲ (ခ) ကိုရဲကျော်သူ ပုဒ်မ (၅၀၅-ခ)တို့လေးဦး ၊ မြစ်ကြီးနား အကျဉ်းထောင်မှ မိုးပြာဂိုဏ်း ဆရာတော် ၊ ၁၇/၁ ဖြင့်
ပြစ်ဒဏ်ကျခံနေရသည့် ကိုစိုးလွင်တို့အပြင် ပူတာအို အကျဉ်းထောင်မှ ဒေါက်တာသန်းထိုက်ဦး လည်း ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
Photo – Ye Aung FB
The Ladies News Journal
https://www.facebook.com/News.TheLadies
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦး ပြန်လည်လွတ်မြောက်  မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦး ပြန်လည်လွတ်မြောက် Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.