ယခုလအတွင်း ရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်းပေါင်း ၁၇ ခုအား လုပ်ကိုင်ခွင့်ပြု

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လျက် ရှိသော မြန်မာ့ အထည်ချုပ် လုပ်ငန်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

    ယခုလအတွင်း  ရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်းပေါင်း ၁၇ ခုအား လုပ်ကိုင်ခွင့်ပြု လိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုလတွင် ခွင့်ပြုလိုက်သော လုပ်ငန်းများသည် အလုပ်အကိုင် အခွင့်အလမ်း ၉,၄၇၁ ခု ဖန်တီးပေး နိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုပေးရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်း ဆက်စပ်သည့် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ သဘောထား မှတ်ချက်များ၊ စိစစ် ခွင့်ပြုချက်များ အပေါ် အခြေခံပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ စိစစ် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ကိုင်ခွင့်ပြုသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၇ ခုတွင် ပုဂ္ဂလိက ဆေးရုံဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် သစ်ပါးလွှာနှင့် အထပ်သား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ လက်ခစား စနစ်ဖြင့် အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ ပါကေးနှင့် သစ်ခွဲသားများ ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး အကြီးစားယာဉ်နှင့် စက်ယန္တရားများ ငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းနှင့် အဆင့်မြင့် အဆောက်အအုံများ တည်ဆောက်ကာ ငှားရမ်း ရောင်းချခြင်း လုပ်ငန်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အတွက် ကာလရှည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြင့်တက်ရေး စီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီး ယင်းစီမံကိန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်းခြောက်ထောင် ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ယခုလအတွင်း ရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်းပေါင်း ၁၇ ခုအား လုပ်ကိုင်ခွင့်ပြု  ယခုလအတွင်း ရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်းပေါင်း ၁၇ ခုအား လုပ်ကိုင်ခွင့်ပြု Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.