သံတွဲမြို့နယ်တွင် ရေတွင်းထဲကျသူကို ကယ်ရာမှ အောက်စီဂျင် ပြတ်လပ်ပြီး လူ ငါးဦး သေဆုံး

သေဆုံးသွားသူများ။ ။ ဓါတ်ပုံ -Pyae Zaw Oo (facebook)
နိရဉ္စရာ၊ ဇန်န၀ါရီ ၁၀

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတူးကျေးရွာတွင် တူးဖော် ထားသော ရေတွင်းထဲမှ သဲနှုန်းများကို စုတ်ထုတ်စဉ် ရေတွင်းထဲသို့ ကျသွားသူကို ကယ်တင်ရာမှ လူငါးဦး အောက်စီဂျင် ပြတ်လပ်ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ တူးပီးသားရေတွင်းထဲကို ရေမကောင်းတဲ့ အတွက် သဲနှုန်းတွေကို စက်နဲ့ စုတ်ထုတ်တဲ့ နေရာမှာ တစ်ဦးက အနက် ၃၃ပေ၊အကျယ် ၄ ပေ ရှိတဲ့ ရေတွင်းကို ကျသွားတယ်။ ဒါကို သွားကယ်ရာကနေ လူငါးဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်” ဟု သံတွဲမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ယနေ့ နံနက်က နိရဉ္စရာသို့ ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်န၀ါရီလ ၉ ရက်နေ့) နံနက် ၉ နာရီခန့်တွင် စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်ဦးတွင်းထဲသို့ ကျသွားရာမှ ရွာသား နှစ်ဦး ဆင်းကယ်စဉ် မတက်လာ၍ နောက်ထပ်နှစ်ဦးဆင်းကယ်ရာမှ နောက်ထပ် နှစ်ဦးဘဲ မတက်ဘဲ တွင်းထဲတွင် အောက်စီဂျင်ပြတ်လပ်ပြီး သေဆုံးသွားကြောင်း ရဲတာဝန်ရှိသူက ပြောကြားသည်။

“ ပထမ ကျတဲ့သူကို နှစ်ဦးဆင်းကယ်တယ်။ ပထမကျတဲ့သူက အပေါ်ကို ရောက်လာတယ်။ ကျန်နှစ်ဦးက မတက်လာဘူး။ အဲဒါကို နောက်ထပ် နှစ်ဦးဆင်းတယ်။ ပြန်မတက် လာဘူး။ နောက်ထပ် နှစ်ဦးဆင်းတော့ တစ်ဦးဘဲ အပေါ်ကို ပြန်တက်နိုင်တယ်။ ကျန်တဲ့ ငါးဦးက ဆုံးသွားတယ်” ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။

သေဆုံးသွားသူများမှာ ရဲမင်းထွန်း (၂၃) နှစ်၊ ကျော်ဝင်း (၂၉)၊ စိုးမင်းပိုင် (၂၅) နှစ်၊ မောင်ချမ်းသာ (၃၂) နှစ် ၊ အောင်တင်ဝင်း (၃၈) နှစ်တို့ ဖြစ်ကြသည်။

အသက်ဘေးမှ လွတ်မြောက်ခဲ့သူမှာ အတူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဦး (၃၅) နှစ် ဖြစ်သည်။

သံတွဲမြို့ရဲစခန်းမှ သေမှု သေးခင်း အမှတ်စဉ် ၁/ ၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews
သံတွဲမြို့နယ်တွင် ရေတွင်းထဲကျသူကို ကယ်ရာမှ အောက်စီဂျင် ပြတ်လပ်ပြီး လူ ငါးဦး သေဆုံး  သံတွဲမြို့နယ်တွင် ရေတွင်းထဲကျသူကို ကယ်ရာမှ အောက်စီဂျင် ပြတ်လပ်ပြီး လူ ငါးဦး သေဆုံး Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.