မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေ၌ အစိုးရတပ်လက်ချက်ဖြင့် ရွာသားသုံးဦးသေဆုံးပြီး လေးဦးဖမ်းဆီးခံရဟုဒေသခံများ ဆို


 ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေဖြစ်သည့် လားရှိုးမြို့နယ် နားနန်းအုပ်စု ပန်လုံးရွာတွင် ဇန်န၀ါရီ ၄ ရက်က မိုင်းကြတ်မှ ဆင်းလာသည့် အစိုးရတပ်က သေနတ်ဖြင့် ပစ်ခတ်ရာ ရွာသားသုံးဦး သေဆုံးခဲ့ပြီး ရွာသားလေးဦးကို ဖမ်းဆီးခဲ့ကာ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သေဆုံးခဲ့သူသုံးဦးတွင် ကလေးငယ်နှစ်ဦး ပါဝင်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဇန်န၀ါရီ ၆
ရက်တွင် The Ladies သို့ပြောသည်။

“ဖြစ်တဲ့နေရာက လားရှိုးမြို့နယ် နားနမ်းအုပ်စု ပန်လုံးရွာ (ပလောင်ရွာ ) ပေါ့ ။ စစ်ကြောင်းကတော့ မိုင်းကြတ်ဘက်က ဆင်းလာတဲ့တပ် ၊ တပ်ရင်းနာမည်တော့ မသိဘူး ။ တပ်ရင်းအမှတ် မသိဘူး ။ ဇန်န၀ါရီ ၄ ရက် နေ့ကဖြစ်တာ။ ဖမ်းသွားတဲ့ အထဲမှာ ရွာသူကြီးလည်းပါတယ် ။ ရွာသား သုံးယောက်ပါသွားတယ်” ဟု အဆိုပါဒေသခံကပြောသည်။

အစိုးရတပ်က ဖမ်းဆီးသွားသည့်အထဲတွင် ရွာလူကြီးကင်းထွေးလည်း အပါအ၀င်ဖြစ်ပြီး ရွာသားအိုက်ဆန်နှင့် အခြားရွာသားနှစ်ဦးတို့ ပါဝင်ကြောင်း ၊ သေဆုံးသွားသည့် ရွာသားများမှာအိုင်းလှ ၃၈ နှစ် နှင့် ၇ နှစ် ၈နှစ်အရွယ် ကလေးငယ်နှစ်ဦးတို့ဖြစ်ကြောင်း နမ့်ပေါင်ရွာသို့ ထွက်ပြေးလာသည့် ဒေသခံများဆိုသည်။

“လောလောဆယ် အပစ်အခတ်ရပ်စဲဖို့ အတွက်လည်း လုပ်နေကြတဲ့အချိန်မှာ ဒါကတော့ မဖြစ်သင့်ဘူးပေါ့။ အင်မတန်မှစိုးရိမ်ရပါတယ် ။ ဒေသခံတွေအတွက်လည်း တော်တော်လေး ခံရခက်နေတယ်လို့ ကြားရတယ် ။ လောလောဆယ်တော့ လားရှိုး၊ မူဆယ် နမ့်ခမ်း ဒီမြောက်ပိုင်း တစ်ဝိုက်မှာ အဲ့လိုကြားနေရတာ အင်မတန်မှ စိတ်မကောင်းစရာ ဖြစ်ပါတယ် ။ ဘယ်လို ဖြေရှင်းရမှန်းတောင် မသိတော့ဘူး” ဟုဒေသခံ အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်က The Ladies သို့ပြောသည်။

ယင်းအဖြစ်အပျက်များကြောင့် ဒေသခံရွာသား ၁၅၀ ခန့်သည့် တောတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး အနီးအနား ရွာများမှ ဒေသခံများသည်လည်း အရေးကြီး သည့် ပစ္စည်းများကို ရွှေ့ပြောင်းမှုများ ပြုလုပ်လျက်ရှိကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေ၌ အစိုးရတပ်လက်ချက်ဖြင့် ရွာသားသုံးဦးသေဆုံးပြီး လေးဦးဖမ်းဆီးခံရဟုဒေသခံများ ဆို  မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေ၌ အစိုးရတပ်လက်ချက်ဖြင့် ရွာသားသုံးဦးသေဆုံးပြီး လေးဦးဖမ်းဆီးခံရဟုဒေသခံများ ဆို Reviewed by THITHTOOLWIN on 13:25 Rating: 5
Powered by Blogger.