တာလေမြို့၌ နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ


ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် တာလေမြို့အတွင်း နှစ်ရက်ဆက်တိုက် ငလျင်အနည်းငယ် လှုပ်ခတ်သဖြင့် တာလေမြို့နေ ဒေသခံများ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ တာလေမှာ (၆)ရက်နေ့နဲ့ (၇)ရက်နေ့ ဆက်တိုက် နံနက်ပိုင်းတွေမှာ ငလျင် (၂)ကြိမ် လှုပ်သွားတာ လူတွေကတော့ ကြောက်နေကြတာရှိတယ်၊ (၂၀၁၁)ခုနှစ်တုန်းကလို ဖြစ်ကြမှာကိုပေါ့။ ငလျင်လှုပ်တာ ဖြစ်ဖြစ်ချင်းတော့ ဖုန်းလိုင်းတွေ ခဏလေး ပြတ်သွားတာတော့ ရှိပါတယ်"ဟု တာလေမြို့ ဒေသခံ ကိုရဲခိုင်က ပြောသည်။

တာချီလိတ်မြို့နယ်နှင့် မိုင် (၃၀)ခန့်အကွာရှိ တာလေမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးနှင့် လူများ ထိခိုက်ပျက်စီးခြင်း မရှိဘဲ နေအိမ်များ လှုပ်ခါရုံသာဖြစ်ကြောင်း ဒေသခံများထံမှ သိရပြီး တာချီလိတ်မြို့မှ လူမှုကူညီရေးအဖွဲ့များကလည်း သဘာဝဘေးအန္တရာယ်များအတွက် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားကြောင်း သိရသည်။

"တာချီလိတ်ခရိုင်က သဘာဝဘေးအန္တရာယ် ကျရောက်မှုက အမြဲလိုလိုဖြစ်နေလို့ ဘယ်ကိစ္စပဲဖြစ်ဖြစ် အကူအညီ ပေးနိုင်အောင် အဆင်သင့် အမြဲလုပ်ထားပါတယ်။ ဖြစ်လာခဲ့ရင်လည်း ဒေသအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး တစ်ခြား အသင်းအဖွဲ့တွေရော အမြန်ဆုံး အကူအညီပေးနိုင်အောင် ကြိုးစားနေပါတယ်။ ငလျင်ဆိုလည်း ဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်း စုဆောင်းထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဒေသတွင်းမှာ ရေကြီးပြီးကတည်းက သဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို အသင်းသားတွေထဲက တက်ခိုင်းထားတာ တွေရှိတယ်။ ဒါ့ကြောင့် သိပ်စိုးရိမ်စရာတော့ မရှိပါဘူး။ အခုလည်း ငလျင်က နည်းနည်းပဲ လှုပ်တာပါ"ဟု တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ တာဝန်ခံ ကိုနေမျိုးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့အနီးတွင် ဇန်န၀ါရီ(၆)ရက်နေ့မှ (၇)ရက်နေ့အထိ ရစ်ခ်ျတာစကေး (၂.၆) နှင့် (၂.၉)ကြား ပြင်းအားအနည်းငယ်ရှိသော ငလျင်ငယ်များ (၃)ကြိမ်ခန့်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးနှင့် မိုင်းပန်မြို့အနီးတွင် ရစ်ခ်ျတာစကေး (၂.၀)နှင့် (၂.၅)ကြားရှိ ငလျင်(၃)ကြိမ်ခန့် လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံ မိုးလေ၀သဌာန၏ Website၏ ထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency
http://www.tachileik.net
တာလေမြို့၌ နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ  တာလေမြို့၌ နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ Reviewed by THITHTOOLWIN on 13:59 Rating: 5
Powered by Blogger.