ရခိုင်တွင် ဖြစ်ပွားနေသောစစ်ပွဲ ရပ်စဲရန် ကျောက်တော်တွင် ဆုတောင်းပွဲပြုလုပ်


စစ်တွေ၊ ဇန်န၀ါရီ ၂

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ သံဃာတော်များ အပါအ၀င် လူပေါင်း ၂၀၀ ကျော်ခန့်သည် ပြည်တွင်းစစ်ရပ်စဲရန်နှင့် ရက္ခိုင်တပ်မတော် AA နှင့် မြန်မာ့ တပ်မတော်တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများအား အမြန်ဆုံး ရပ်တန့်ရန် ဆုတောင်းပွဲ တစ်ခုကို ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။

“ ဒီကနေ့ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို စားပွဲ မှာ ဖြေရှင်းဖို့ အချိန်ရောက်နေပြီ။ ဒီကနေ့ သေနေကြတာက တိုင်းရင်း အချင်ချင်းတွေဘဲ သေနေကြတာ။ မြန်မာ့တပ်မတော်ကလည်း တိုင်းရင်းသားတွေဘဲ။ ရက္ခိုင့် တပ်မတော်ကလည်း တိုင်းရင်းသားတွေပါဘဲ။ ဒါကြောင့် တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ပြည်တွင်း စစ်ကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဦးအေးစိုးက နိရဉ္စရာသို့ ပြောကြားသည်။


ဆုတောင်းပွဲကို ကျောက်တော်မြို့ မွန်းလွဲ ၁ နာရီတွင် မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့ အပါအ၀င် ဒေသခံ အဖွဲ့အစည်းများ က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အခုရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ တောင်းဆိုတယ်။ ပြသနာကို လက်နက်နဲ့ တိုက်ကြမယ့်အစား စားပွဲဝိုင်းမှာ အဖြေရှာကြဖို့ တောင်းဆိုမှုတွေပြုလုပ်ပါတယ်။ တိုင်းပြည် ငြိမ်းချမ်းရေးရဖို့အတွက် ဒီဆုတောင်းပွဲ ကို ပြုလုပ်ရခြင်း ဖြစ် ပါတယ်” ဟု မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခိုင်မိုးထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။


အဆိုပါဆုတောင်းပွဲတွင် တက်ကြွလှုပ်ရှားသူများ၊ မြို့သူမြို့သား များနှင့် ကျောင်းသူကျောင်းသားများအပါအ၀င် လူပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့ကြပြီး ဂစ္ဆပနီတံတားမှ မဟာမုနိထိ ချီတက်ကာ ပြည်တွင်း စစ်အလိုမရှိ၊ ငြိမ်းချမ်းရေး အလိုရှိသည်ဟု စာသားများပါရှိသော ဗီနိုင်းများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၎င်းပြင် ကျောက်တော်တောင် တောင်ထိပ်ပေါ်တွင် မေတ္တာသုတ် ရွတ်ဖတ်ပြီး၊ ငြိမ်းချမ်းစွာ ဆုတောင်းရခြင်း အကြောင်းကို ရှင်းပြခဲ့ကြသည်ဟု သိရသည်။

အလားတူဆုတောင်းပွဲကို မေတ္တာမျှဝေ လူမှုကူညီရေးအဖွဲ့က ဇန်န၀ါရီလ ၃ ရက်နေ့တွင် မြောက်ဦး၌ပြုလုပ်ရန် စီစဉ်ထားပြီး၊ မြို့သားများကလက်ခံပါက မင်းပြားမြို့တွင်လည်း ပြုလုပ်ရန် စီစဉ်သွားမည်ဟု သိရသည်။

(ဓါတ်ပုံ-Nyunt Maung facebook မှ ကူးယူဖေါ်ပြသည်)

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews
ရခိုင်တွင် ဖြစ်ပွားနေသောစစ်ပွဲ ရပ်စဲရန် ကျောက်တော်တွင် ဆုတောင်းပွဲပြုလုပ်  ရခိုင်တွင် ဖြစ်ပွားနေသောစစ်ပွဲ ရပ်စဲရန် ကျောက်တော်တွင် ဆုတောင်းပွဲပြုလုပ် Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.